တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” အခြေအနေသတင်း အမှတ်စဉ်(၀၁/၂၀၂၅)
========================================
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်
------------------------------------------------------------------------
(က) တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” (KAJAKI)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ တုံကင်ပင်လယ်ပြင်သို့ ရောက်ရှိခဲ့ကာ ဗီယက်နမ် နိုင်ငံ၊ ဗင့်မြို့(Vinh)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်၊ ဒါနန်းမြို့ (Da Nang) ၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။
(ခ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၆ နာရီအတွင်း ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဗင့်မြို့အနီးမှ ဖြတ်ကျော်နိုင်ကာ၊ ထိုမှတစ်ဆင့် နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့် လာအို နိုင်ငံအထက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ပြီး အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) သတိပေးနှိုးဆော်ချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ ၂၉-၈-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊
မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။”
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
