2 w - Translate

မြန်မာနိုင်ငံကို Air cargo နဲ့ကုန်ပစ္စည်းပို့တဲ့အပေါ် စစ်ဆေးမှုတင်းကြပ်ပြီး စီးပွားရေးသုံးပစ္စည်းအချို့ယာယီရပ်နား
ဩဂုတ် ၂၅ ၊ ၂၀၂၅
GG (VOM)
ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို Air Cargo လေယာဥ်နဲ့ ပစ္စည်းပို့ခြင်းကို လတ်တလောမှာ မြန်မာဘက်ခြမ်းက တရားဝင်ကန့်သတ်ခြင်းမျိုးမဟုတ်ပေမယ့် လေဆိပ်မှာ စစ်ဆေးမှုတင်းကြပ်လာတဲ့အခြေအနေကြောင့် Air Cargo အများစုက ပစ္စည်းတင်ပို့မှုကို ယာယီရပ်နားထားကြတယ်လို့သိရပါတယ်။
လေဆိပ်မှာ စစ်ဆေးမှုတင်းကြပ်တဲ့အခြေအနေတွေကြောင့် လတ်တလောမှာ Air Cargo အများစုက စီးပွားရေးလုပ်ငန်းသုံးကုန်ပစ္စည်း စီးပွားဖြစ် ကီလိုအများအပြား တင်ပို့မှုကို ယာယီရပ်နားထား ပြီး အခြေအနေကို စောင့်ကြည့်နေသလို Air Car တချို့ကတော့ ကီလိုပမာဏများရင် အခွန်ကောက်ခံပြီး ပို့ပေးနေတယ်လို့သိရပါတယ်။
" လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေအရဆိုရင် လုံးဝပိတ်လိုက်တာမျိုးမဟုတ်သေးပါဘူး။ ပုံမှန်ထက်ပိုပြီး စစ်ဆေးမှုတင်းကြပ်လာတာရှိပါတယ်။ ပို့လို့တော့ရနေပါသေးတယ်။ တကိုယ်ရည်သုံးပမာဏလောက်ဘဲပို့မယ်ဆိုရင် ကိစ္စမရှိပေမဲ့ အဲဒီထက်ပိုများတဲ့ပမာဏဆိုရင်တော့ အခွန်ဆောင်ရပါမယ်။ ပို့လို့ရပါတယ်။ အခုရပ်ထားတဲ့ cargo တချို့ကကျတော့လိုင်စင်မရှိကြတာမျိုးလည်းရှိတယ်။ လိုင်စင်ရှိရဲ့နဲ့ အခြေအနေကို စောင့်ကြည့်ကြတာလည်းရှိတယ်။ အဓိက ပစ္စည်းသိမ်းခံရမှာကိုကြောက်ကြတာပါ။အစိုးရဘက်ကတော့ ခုထိတရားဝင်ဘာမှမကြေငြာသေးဘူး။" လို့ cargo လုပ်ကိုင်နေသူ တယောက်ကပြောပါတယ်။
လက်ရှိမှာ Air cargo လုပ်ကိုင်သူအချို့ကတော့ တကိုယ်ရေသုံးပစ္စည်းပမာဏ ကီလိုအနည်း ကုန်ပစ္စည်းတွေကို ပုံမှန်အတိုင်းလေကြောင်းလိုင်းကနေတဆင့် မြန်မာနိုင်ငံကို ပို့ဆောင်မှုပေးနေတယ်လို့သိရပါတယ်။
" ကီလိုနည်းတာတွေကပုံမှန်အတိုင်းပဲပို့နေတယ်။ပစ္စည်းအများကြီးကျတော့ မပို့ရဲသေးဘူး။တရားဝင်လည်းဘာမှမကြေငြာသေးတော့ လုပ်ရခက်တယ်။ ကျွန်တော်တို့ဆီအပ်ထားတဲ့ စီးပွားရေးသုံးပစ္စည်းတွေကိုလည်း နည်းနည်းစီပဲ ခွဲခွဲပြီး တသုတ်စီပို့ဖို့စီစဥ်ထားတယ်။ တကိုယ်ရေသုံးပမာဏကတော့ပို့လို့ရပါတယ်။ " လို့ ထိုင်း - မြန်မာ Air cargo လုပ်နေသူကပြောပါတယ်။
ဩဂုတ် ၂၃ ရက်ကစပြီး ရန်ကုန်လေဆိပ်မှာ Air cargo တွေနဲ့ပတ်သက်လို့ စစ်ဆေးမှု တင်းကြပ်လာတာဖြစ်ကြောင်း ၊ Air cargo တွေအပေါ်စစ်ဆေးမှုတင်းကြပ်လို့ ယာယီရပ်နားမှုတွေရှိတဲ့အတွက် လတ်တလောမှာ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်ကြမယ့်သူတွေဆီကနေ Kg ကိုဝယ်ယူပြီး လူကြုံနဲ့ ပစ္စည်းထည့်ပေးမှုကို လုပ်နေကြတယ်လို့သိရပါတယ်။
" ထိုင်းကနေ မြန်မာပြန်မယ့်သူရှိရင် သူ့ဆီက kg ပြန်ဝယ်ပြီး ကိုယ့်ပစ္စည်းကိုမြန်မာပြည်ထည့်ပေးတာပေါ့။ ဒါလဲအရဲစွန့်ပို့ရတာပဲ။ လိမ်သွားရင် ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့်လည်းအခုက kg လိုချင်ရင်တောင် ဝယ်ရခက်နေတယ်။ တချို့ဆိုပေါက်စျေးထက်ပိုပေးဝယ်နေကြတယ်။ ခုဒီကိစ္စဖြစ်မှလိုင်းပေါ်မှာ page အသစ်တွေပေါ်လာပြီး kg ဝယ်လို့ရပါတယ်ဆိုပြီးရှိလာတာလည်းတွေ့ရတယ်။" လို့ kg ဝယ်ယူပြီး ထိုင်းကနေ ပစ္စည်းထည့်ပေးဖို့စီစဥ်နေသူကပြောပါတယ်။
လက်ရှိမှာ ထိုင်းကနေ မြန်မာကို Air cago နဲ့ ကုန်ပစ္စည်း တင်သွင်းမယ့်သူက ပိုများနေကြောင်းနဲ့ Kg ရောင်းတဲ့စျေးကွက်မှာ 1kg ကို ထိုင်းဘတ် ၂၀၀ အထိစျေးပိုပေးပြီး အလုအယက်ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရန်ကုန်လေဆိပ် (ပုံဟောင်း)

image