#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းသို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် တရုတ်နိုင်ငံ အဆင်သင့်ရှိဟုဆို
ရုရှားနှင့်ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူနိုင်ချိန်တွင် ယူကရိန်းသို့ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စေလွှတ်ရန်တရုတ်နိုင်ငံအသင့်ရှိကြောင်း ဂျာမနီသတင်းမီဒီယာများက ဩဂုတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရုရှားနှင့်ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ရယူနိုင်ချိန်တွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် အသင့်ရှိမှုကို တရုတ်တာဝန်ရှိသူများက ဥရောပသမဂ္ဂသံတမန်များကို အသိပေးထားကြောင်း ဂျာမနီမီဒီယာများ၏ အဆိုအရသိရသည်။
သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းသို့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် ကုလသမဂ္ဂ၏ ခွင့်ပြုချက်ဖြင့်သာ စေလွှတ်ဖြန့်ကြက်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂသံတမန် သတင်းအရင်းအမြစ်များက မီဒီယာများသို့ ထုတ်ပြောထားသည်။
တရုတ်နိုင်ငံသည် အနာဂတ် တစ်ချိန်ချိန်၌ ယူကရိန်းနိုင်ငံသို့ ငြိမ်း ချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရေးနှင့်ပတ်သက်၍ ဖြစ်နိုင် ခြေများကိုဆွေးနွေးရာတွင်ပါဝင်လာသည့် နောက်ဆုံးအင်အားကြီးနိုင်ငံ ဖြစ်သည်။
ရုရှားနှင့်ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ရာယူရာတွင် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးသည့်အနေဖြင့် ယူကရိန်းသို့တပ်ဖွဲ့ဝင်များစေလွှတ်ရန် ဥရောပနိုင်ငံ ၁၀ နိုင်ငံခန့်က ဆန္ဒရှိနေကြကြောင်း သိရသည်။
သို့ရာတွင် လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းနိုင်ငံသို့ မြေပြင်တပ်များ စေလွှတ်မည်မဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။
ရိုက်တာ

image