တဏှာမျိုးစေ့နဲ့ဉာဏ်မျိုးစေ့
လောကမှာ ဇနီးမရှိတဲ့ပုဂ္ဂိုလ်က ဇနီးကို ရှာဖွေတယ်၊ ခင်ပွန်းမရှိသေးတဲ့ပုဂ္ဂိုလ်က ခင်ပွန်းကို ရှာမယ်ပေါ့၊ သားသမီးမရှိသေးတဲ့ပုဂ္ဂိုလ်က သားသမီးရှိအောင် ဖန်တီးမယ်။ ဒီကနေ့ စားစရာလေးတစ်ခုရှာတယ်၊ နောက်တစ်နေ့နောက်တစ်မျိုးစားဖို့ ရှာတယ်၊ ဘယ်အရာမှရှာလို့လက်စ မသတ်ဘူး၊ ဘယ်အချိန်ကျမှ ရှာလို့ဆုံးမှာလဲ..? သေမှပဲ ဆုံးတာပါပဲ။
ဒါတွေအားလုံးဟာ ဘာအတွက်ရှာတာလဲ။ သုခဝေဒနာလေးဖြစ်ဖို့၊ သားကိုကြည့်ပြီး သုခဝေဒနာဖြစ်တယ်၊ သမီးကိုကြည့်ပြီး သုခဝေဒနာ ဖြစ်တယ်၊ ပစ္စည်းကိုကြည့်ပြီး သုခဝေဒနာ ဖြစ်တယ်။ သုခဝေဒနာဆိုတာ စိတ်ချမ်းသာတာ၊ စိတ်အနေနဲ့ပြောရင် သောမနဿဝေဒနာ၊ ဒါက လောကီရှာဖွေခြင်းနော်။
မြတ်စွာဘုရားက ဘာကိုရှာစေချင်တာလဲ။ ငါဆိုတာကြီးကို ရှာစေချင်တာ၊ ငါဆိုတာ ဘာလဲ။ ပုဂ္ဂိုလ်သတ္တဝါဆိုတာ ဘာလဲ။ ဒါကို ရှာစေချင်တာ။ မိမိသန္တာန်မှာ ဘာသဘာဝတွေရှိသလဲ။ ခန္ဓာငါးပါးဆိုတဲ့ သဘာဝတွေရှိတယ်၊ ရုပ်သဘာဝဆိုတာ ရှိတယ်၊ နာမ်သဘာဝဆိုတာ ရှိတယ်၊ ရုပ်နာမ်သဘာဝတွေကိုတွေ့ရင် ပုဂ္ဂိုလ်သတ္တဝါ ငါဆိုတဲ့အစွဲ ကင်းသွားမယ်။
ပုဂ္ဂိုလ်သတ္တဝါ ငါစွဲကင်းသွားရင် သာယာတပ်မက်မှုတွေ ကင်းမယ်၊ သောက ပရိဒေဝတွေကင်းသွားမယ်၊ ဒါတွေကင်းသွားရင် စိတ်ချမ်းသာမယ်၊ ဒါလည်း သုခဝေဒနာနဲ့ခံစားတာပဲ။ ယောဂီတို့ စဉ်းစားကြည့်နော်၊ လောကီနည်းနဲ့ရှာလည်း သုခဝေဒနာ၊ ကိုယ့်ကိုယ်ကိုယ်ရှာလည်း သုခဝေဒနာ ဖြစ်တာရတာခြင်း တူနေပြီ။
ဒါပေမဲ့ အခြေအနေချင်းက မတူတော့ဘူး၊ အာရုံငါးပါးနဲ့ခံစားတဲ့ သုခဝေဒနာက တဏှာမျိုးစေ့ကို သာချပေးနိုင်တာ၊ ရုပ်နာမ်ကိုခံစားလို့ရတဲ့ သုခဝေဒနာက ဉာဏ်မျိုးစေ့ကို ချပေးတယ်။
ကိုယ့်ကိုယ်ကိုယ်ရှာတော့ ဘာနဲ့ရှာမှာလဲ။ သတိ၊ သမာဓိ၊ ပညာနဲ့ရှာတယ်။ သတိလေးကပ်ထားပြီးသမာဓိနဲ့စိုက်ကြည့်။ ပညာဆိုတဲ့ဆင်ခြင်နှလုံးသွင်းမှုနဲ့ကြည့်။ အဲဒီလိုရှာဖွေခြင်းသည် ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာလို့ မရနိုင်ဘူး။
ဘုရားနဲ့ပစ္စေကဗုဒ္ဓဆိုရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာတတ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များအပါအဝင် သာဝကပုဂ္ဂိုလ်များဆိုရင်တော့ ရှာပုံရှာနည်းသိမှ ရှာလို့ရတယ်၊ပြောပြပေးတဲ့ပုဂ္ဂိုလ်ရှိမှ ရှာလို့ရတယ်။
အရှင်သာရိပုတ္တရာအလောင်း ဥပတိဿ၊ အရှင်အဿဇိမထေရ်မြတ်ကြီးရဲ့ တရားကိုနာလိုက်ရတဲ့အခါကြတော့ဓမ္မက တရား၊ သဘာဝက သဘော၊ ဓမ္မသဘာဝ - တရားသဘော၊ အဲဒီတရားသဘောကို ဘယ်မှာရှာ။ ဒီခန္ဓာကိုယ်ကြီးမှာ ရှာလိုက်တာပဲ။
အရှင်အဿဇိမထေရ်မြတ်ကြီးဆီက ဓမ္မဆိုတဲ့စကားလုံးကိုလည်း ကြားလိုက်ရော မျက်လုံးလေးမှိတ်ပြီး စဉ်းစားလိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ ဓမ္မသဘာဝလေးတွေကို မြင်လိုက်တာပေါ့နော်။
စောစောတုန်းက ပုဂ္ဂလ၊ သတ္တ၊ အတ္တကိုသိထားတာ၊ အခု ဓမ္မကို သိသွားတာ၊ အဲဒီ အမှန်တရားကို သိသွားတာကိုတရားကို သိတယ်လို့ခေါ်တာ၊ ဒါကြောင့် တရားရှာကိုယ်မှာတွေ့လို့ ဒီလို ပြောကြတာပေါ့။
📌 ကျိုက္ကလော့ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ–ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊ လှည်းကူးမြို့
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်။
