9 ပတ် - ဘာသာပြန်ပါ။

“ရှုခင်းသာသည့် နံကိုင်းတောင်နှင့် ရှင်ပင်နံကိုင်းဘုရား”အပိုင်း (၄)
ရှင်ပင်နံကိုင်းဘုရားအား မူလတည်သူ သီရိဓမ္မာသောကမင်းကြီးကို အပထားကာ နောက်ထပ်ပြုပြင် တည်ထားသည့် ကောင်းမှုရှင်နှင့်သက္ကရာဇ်အား အဆိုပါ အချက်အလက်များကို ကြည့်၍သာ ယေဘုယျအားဖြင့် မှတ်သားထားရတော့သည်။
ရှင်ပင်နံကိုင်းဘုရားကို သက္ကရာဇ် ၆၈၄ ခုနှစ်တွင် စစ်ကိုင်းမြို့တည်မင်းဖြစ်သည့် အသင်္ခယာစောယွမ်းက ပြန်လည်ပြုပြင်သည်။ ၆၈၄ ခုနှစ်ထိုး ကျောက်စာတစ်ချပ်တွင် တရဖျားကြီး၏အထိန်းသား သီဟသူမည်သော သံပျင်အမတ်ကြီးသည် သံသရာဝဋ်ဆင်းရဲမှလွတ်ချင်၍ နံကိုင်းဘုရားသခင်၌ ဥမင်တူးပြီး စုလစ်မွန်းခေါင်ဆောက်လုပ်ကာ ဝတ်မိုးဝတ်မြေ အများအပြားလှူခဲ့ကြောင်း တွေ့ရှိရသည်။ သက္ကရာဇ် ၆၉၉ ခုနှစ်၌လည်း တရဖျားကြီးက နံကိုင်းတောင်အောက်ခြေ မြစ်ကမ်းဘက်တွင် နတ်ဗိမာန်ကဲ့သို့ ခမ်းနားလှစွာသော ‘မဟာဝိဟာရသုဓမ္မာ’မည်သော ရွှေကျောင်းတော်ကြီးကိုပြု၍ ပိဋကတ်သုံးပုံကိုလည်း ပြုလုပ်လှူဒါန်းပြီး ဝတ်မိုးဝတ်မြေများလည်း လှူဒါန်းကြောင်း တွေ့ရသည်။
စနေမင်းက သက္ကရာဇ် ၁၀၆၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက် စနေနေ့ည လေးချက်တီးကျော်တွင် ရှင်ပင်နံကိုင်းစေတီတော်အား ရန်အောင်မြင်ဟုသမုတ်၍ ထီးတော်တင်လှူသည်။ ဘိုးတော်ဗဒုံမင်း ပြုပြင်ကာ ထီးတော်တင်ကြောင်းကို ‘စေတီယကထာမည်သော ရာဇဝင်ချုပ်'တွင် “စစ်ကိုင်းဘက်က ထူပါရုံ၊ ဆင်များရှင်၊ ရှင်ပင်နံကိုင်း စသည်တို့သည် အကြိမ်ကြိမ်ပြိုပျက်သည်ကို အကြိမ်ကြိမ်ပင် ထပ်မံပြင်ဆင်တော်မူ၍ ရွှေထီးတင်တော်မူ၏”ဟူ၍ ဖော်ပြထားသည်။
၁၃၁၅ ခုနှစ်တွင် ငလျင်ကြောင့် ဘုရားကြီးပြိုကွဲပျက်စီးကာ ထီးတော်လည်း မြေခသဖြင့် ထုံးဖိုရွာ(ယခုထုံးဘိုရပ်)သူကြီး ဦးကိုကြီး၊ ဗုဒ္ဓပူဇနိယအသင်းဥက္ကဋ္ဌ ဦးမော်နှင့် အသင်းသူအသင်းသားများ ဦးဆောင်ကာ အများပြည်သူတို့ စုပေါင်းပြုပြင်ကြပြီး မန္တလေးမှ သူဌေးဦးတင်က ထီးတော်တင်လှူခဲ့သည်။ ထီးတော်တင်လှူပြီး တစ်လခန့်အကြာ ညပိုင်းတွင် လေပြင်းများ တိုက်ခတ်ပြီးနောက် ထီးတော်မြေခသည်။ နံနက်မိုးလင်းသည်တွင် ထီးတော်မှာ စေတီ၏တနင်္ဂနွေထောင့်၌ မတိမ်းမစောင်းဘဲ တည့်မတ်စွာကျရောက်နေသည်ကို တွေ့ကြရလေသည်။ ကမ္ဘာအေး မင်္ဂလာမဟာဆေးဝင်္ကပါဆရာတော်ကြီးက ဦးစီးနာယကပြုလုပ်၍ ထီးတော်ကို ပြန်လည်တင်လှူသည်။ ခရိုင်ဝန်ဦးမောင်မောင်တင်နှင့် အများပြည်သူတို့ကလည်း ပါဝင်ကူညီကာ လှူဒါန်းကြသည်။
၁၃၄၀ ပြည့်နှစ်တွင် ဇမ္ဗူ့မင်္ဂလာချောင်ဆရာတော် ဘဒ္ဒန္တဇနိန္ဒအုပ်ချုပ်၍ ကပ္ပိယကာယရ ဂေါပကဥက္ကဋ္ဌ ဦးမော်၊ အတွင်းရေးမှူး ဦးစန်းအောင် စသော အသင်းသူအသင်းသားများက စေတနာရှင်များ၏ အလှူငွေဖြင့် ထပ်မံပြုပြင်ခဲ့သည်။ ဇမ္ဗူ့မင်္ဂလာဆရာတော်သည် ထိုအချိန်မှစ၍ ရှင်ပင်နံကိုင်းဘုရားအား ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ၁၃၅၀ ပြည့်နှစ်တွင် ထီးတော်သစ် တင်လှူသည်။
၁၃၈၀ ခုနှစ်မှစ၍ ဒုတိယမြောက် ဇမ္ဗူ့မင်္ဂလာရှင်ပင်နံကိုင်းဆရာတော် ဦးရာဇာနန္ဒနှင့် ရှင်ပင်နံကိုင်း ဦးကုသလတို့ ဦးဆောင်ကာ အများပြည်သူကောင်းမှုဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ၁၃၈၄ ခုနှစ်တွင် အချင်း ခုနစ်ပေခွဲရှိထီးတော်သစ်နှင့် စိန်ဖူးတော်သစ်ကို ဆရာတော်ဦးရာဇာနန္ဒဦးဆောင်မှု၊ မန္တလေးမြို့မှ ဦးမင်းသိန်း-ဒေါ်စောမြသန္တာထွေး အမှူးပြုသော စိန်ဖူးတော်သာသနာပြုအဖွဲ့နှင့် အများပြည်သူ လှူဒါန်းမှုတို့ဖြင့် တင်လှူပူဇော်ခဲ့သည်။
ရင်ပြင်တော်ပေါ်တက်တက်ချင်း ညာဘက်(စေတီတော်၏ အနောက်ဘက်)၌ ပြည့်ဖြိုးရင်ဓမ္မာရုံရှိသည်။ ပြည့်ဖြိုးရင်ဓမ္မာရုံ၏ အနောက်ဘက်၌ ဇမ္ဗူ့မင်္ဂလာဆရာတော်ကြီး တည်ထားသည့် ‘အနန္တဇိနရန် အောင်မြင်ကြေးသွန်းဘုရားကြီး’ရှိသည်။ ကြေးဘုရားကြီးရှေ့ရင်ပြင်ကို စေတီရင်ပြင်နှင့် တစ်ပြေးညီပြုလုပ်ထားသည်။ ကြေးဘုရားကြီးမှာ စျာန်သမာပတ်ဝင်စားဟန် စျာနမုဒြာဖြစ်သည်။ အတိုင်းအတာမှာ ပလ္လင်တော်အမြင့် ၉ ပေ၊ ရုပ်ပွားတော်ဉာဏ်တော် ၂၇ ပေ (စုစုပေါင်း ၃၆ ပေ)ရှိသဖြင့် မြန်မာနိုင်ငံတွင်အကြီးဆုံး ကြေးသွန်းရုပ်ပွားတော်ဖြစ်သည်ဟုဆိုသည်။ ၁၉၉၉ ခုနှစ်တွင် ကြေးချိန်ပိဿာ ၁၉၀၀၀ ကျော်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ကြေးသွန်းပညာရှင်မှာ မန္တလေးမြို့ တမ္ပဝတီရပ်မှ ဦးဝင်းမောင်ဖြစ်သည်။ ပလ္လင်တော် အောက်ခြေ၌ အောင်ခြင်းရှစ်ပါးသရုပ်ဖော် အင်္ဂတေရုပ်ကြွများ ပြုလုပ်ထားသည်။ ဘေးတစ်ဖက်တစ်ချက်၌ လက်အုပ်ချီပူဇော်နေသည့် နတ်မင်းကြီးလေးပါး ရုပ်တုများရှိသည်။
စေတီအရှေ့မြောက်ထောင့်ရှိ အရဟံလာဘမုနိစေတီမှစ၍ စေတီပတ်ပတ်လည်၌ လာဘမုနိစေတီများရှိသည်။ စေတီရင်ပြင်တော်နှင့် အောက်ခြေအနီး ဝန်းကျင်တို့၌လည်း ရာဇယတနသတ္တာဟ၊ အဇပါလသတ္တာဟ၊ ရတနာဃရသတ္တာဟ စသည့်သတ္တဌာနစေတီများ ရှိသည်။
ရှင်ပင်နံကိုင်းစေတီ ရင်ပြင်တော်မှာ တိုးချဲ့ထားသဖြင့် အတော်အတန် ကျယ်ဝန်းနေပါသည်။ ယခင်က တောင်ဘက်မှတက်လာသည့် စောင်းတန်းသည် ထိပ်ဆုံးရောက်သည်နှင့် ရင်ပြင်တော်အစပ်အရောက် အံကိုက်ဖြစ်သည်။ ယခု ရင်ပြင်တော်ကို တိုးချဲ့လိုက်သည့်အခါ စောင်းတန်းထိပ်အစက ရင်ပြင်တော်အောက် ရောက်သွားပြီး စောင်းတန်းထိပ်မုခ်ဦးက ရင်ပြင်တော်အစပ်မှာမဟုတ်တော့ဘဲ အတွင်းဝင်သွားလေသည်။ ထို့ကြောင့် ရင်ပြင်တော်ကနေ အောက်တည့်တည့်သို့ နှစ်ဆစ်ချိုးလှေကားဖြင့် စောင်းတန်းဆီဆင်းသက်ရန် ပြုလုပ်ထားရာ တစ်မျိုးတစ်ဘာသာ ထူးခြားသွားလေသည်။
အပိုင်း (၅) ဆက်ရန်။

image
image
image