#စီလုံတီး
ဆိုင်ဖျော်"စီလုံတီး"လက်ဖက်ရည်ဖျော်နည်း
မလိုင်လုပ်နည်း
(၄ ခွက်စာအတွက်ဖျော်ပြထားပါတယ်)
စီလုံလက်ဖက်ရည်ကတော့ မလိုင်များများနဲ့ ဆိမ့်နေအောင်ကောင်းတဲ့လက်ဖက်ရည်ပါ။ သောက်ဖူးသမျှလက်ဖက်ရည်တွေထဲမှာတော့ စီလုံလက်ဖက်ရည်ဟာတော်တော်လေးကို အရသာရှိလှပါတယ်။
မလိုင်လုပ်နည်း
စီလုံလက်ဖက်ရည်ဖျော်ဖို့အတွက် မလိုင်ကို အရင်လုပ်ရပါမယ်
မလိုင်ပြုလုပ်ရန်အတွက် အဆီမထုတ်ရသေးတဲ့ နွားနို့ ၃ လီတာလိုပါမယ်။
ပြုလုပ်နည်း
~နွားနို့တွေကို မီးအေးအေးနဲ့တည်ထားတုန်းမှာ နွားနို့အမြှုပ်ထအောင်လို့ ယောက်ချိုဇွန်းနဲ့ ခပ်ခပ်ပြီး အမြှုပ်ထအောင်လုပ်ပါ။
~ပြီးလျှင် မီးအေးအေးနဲ့တည်ထားပါ။ (မလိုင်ဖတ်အထူကြီးရလာပါလိမ့်မည်။) မလိုင်ဖတ်ရလျှင် အပေါ်ယံမလိုင်ဖတ်ကိုဆယ်ထားပြီး ကျန်တဲ့ နွားနို့ကိုအထက်ပါနည်းအတိုင်းဆက်ပြီးမလိုင်ဖတ်ထပ်လုပ်ပါ။
~နောက်ဆုံး နွားနို့အနည်းငယ်ပဲကျန်တော့မှ ခုနက ဆယ်ဆယ်ထားသော မလိုင်ဖတ်ထဲကို ကျန်နေသော နွားနို့ကိုရောထည့်ပါ။ စီလုံလက်ဖက်ရည်လုပ်ဖို့အတွက်မလိုင်ဖတ်ရပါပြီ။
{ စီလုံတီးအတွက် ပါ၀င်သောပစ္စည်းများ }
၁။ လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၄ ဇွန်း (ဖန်တာကြိုက်လျှင် ၁ ဇွန်းပိုထည့်ပါ။)
၂။ နို့စိမ်း
၃။ နို့ဆီ
၄။ မလိုင်
၅။ ရေ - ၂ လီတာ
{ ပြင်ဆင်ပြုလုပ်နည်း }
၁။ အိုးတခုထဲကို လက်ဖက်အချိုခြောက်နှင့်ရေထည့်ပြီး မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အဖန်ရည် တဝက်လောက်ပဲကျန်သည်အထိနှပ်ပါ။ (အမြန်လုပ်ချင်ရင် ၁၅ မိနစ်နဲ့နှပ်လဲရပါတယ်။ အမြန်လိုချင်ရင် လက်ဖက်အချိုခြောက်ကို ထမင်းစားဇွန်း ၆ ဇွန်းထည့်ပြီး မီးပြင်းပြင်းဖြင့်တည်ပါ။) တချို့က အ၀တ်နဲ့လက်ဖက်အချိုခြောက်ကို ထုတ်ပြီးတော့ နှပ်ပါတယ်။
၂။ အဖန်ရည် ကောင်းကောင်းလိုချင်ရင်တော့ တနာရီလောက် နှပ်ပါ။ (ပိုကြာကြာနှပ်ရင်လဲကောင်းပါတယ်။) ေ၇ကို ဖြည့်ဖြည့်ပေးပါ။ ၁ နာ၇ီလောက် နှပ် အပြီး မှတ်ထားသော ရေတလီတာအကျန်မှာ မီးဖိုပေါ်မှချပါ။
၃။ လက်ဖက်ရည်ပုံမှန်ခွက် (240ml) တခွက်ဖျော်ရန်အတွက် နို့စိမ်း ထမင်းစားဇွန်း ၃ ဇွန်း နှင့် နို့ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း(သို့) ၁ ဇွန်းခွဲ ကို ခွက်ထဲ အရင်ထည့်ပါ။ ပြီးမှ အဖန်ရည်ကိုရေစစ်ဖြင့်စစ်ပြီးတော့နို့စိမ်းအပေါ်မှခွက်ထဲကို ဖြည့်ထည့်ပြီး သမအောင်လုပ်ပါ။
၄။ စီလုံလက်ဖက်ရည်အတွက် ပြုလုပ်ထားသော မလိုင်ဖတ် ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ပါ။
အားလုံးပြီးရင်တော့ အရမ်းသောက်လို့ကောင်းတဲ့ စီလုံလက်ဖက်ရည်လေး သုံးဆောင်လို့ရပါပြီရှင့်
