“ရှုခင်းသာသည့် နံကိုင်းတောင်နှင့် ရှင်ပင်နံကိုင်းဘုရား”
(🌿ဝါတွင်းအချိန်အခါနှင့် စစ်ကိုင်းအစဉ်အလာ ၇)
မဏိပုည
ရွှေမင်းဝံ ခြေရင်းက
မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့လာ။
မင်းဝံက ပြာ၊ ဧရာက ဖွေး။
လှေလောင်းညို ရေဂယက်မှာ
လင်းရွက်နဲ့ လေး။
ဂေါဝိန်ကို ပဲ့ခိုင်းလို့
နံကိုင်းမြတ် စေတီယံ
ဖူးတော့မယ် ဟန်။
ဖူးမယ်လို့ကြံ
အတန်ကြာ ကြက်ရွှေနန်း
ဦးလှည့်လို့ ယမ်း။
ကြက်နန်းက ဖယ်ပြန်တုံ။
နံကိုင်းရှင် ခြေတော်မှူး
ဦးတိုက်ပြန်တုံ။
ကြက်နန်းကို စုန်၊ စုန်ပါတော့လား။
နံကိုင်းကို စုန်၊ စုန်ပါတော့လား။
ရွက်လင်းယဉ် လှေတစ်စင်းနဲ့
အလို အို ပဲ့နင်းရယ်
မင်းလူလှည့်စား။ ။
ဆရာကြီးဇော်ဂျီ၏ ‘ပဲ့နင်း’ကဗျာ
ဂန္ထလောက အတွဲ ၂၂၊ အမှတ် ၁၄၃၊ ဒီဇင်ဘာ ၁၉၃၆။
(ဇော်ဂျီကဗျာပေါင်းချုပ်မှ)
ဤသို့ အမျိုးသားစာဆို ဆရာကြီးဇော်ဂျီ ထည့်သွင်းဖွဲ့ဆိုခဲ့သည့် နံကိုင်းစေတီခေါ် ရှင်ပင်နံကိုင်းဘုရားမှာ စစ်ကိုင်းတောင်မှ ထင်ရှားသောဘုရားတစ်ဆူဖြစ်ပါသည်။ ရှင်ပင်နံကိုင်းဘုရားသည် စစ်ကိုင်းတောင်တွင်ပါဝင်သည့် နံကိုင်းတောင်ထိပ်တွင် တည်ရှိသည်။ နံကိုင်းတောင်ကတော့ ထုံးဘိုရပ်ကွက်အရှေ့ဖျား၊ ဧရာဝတီမြစ်ကမ်းအနီးတွင် ရှိသည်။ ပုညရှင်၏ အရှေ့တောင်ဘက်ဖြစ်သည်။
ရှင်ပင်နံကိုင်းဘုရားရှိသည့် နံကိုင်းတောင်သည် မြစ်ကမ်းနှင့်နီးခြင်း၊ အခြားတောင်များနှင့်စာလျှင် တောင်ဘက်ပိုင်းကျခြင်း၊ အတော်အတန်မြင့်ခြင်းတို့ကြောင့် ပတ်ပတ်လည် ရှုခင်းကြည့်၍ကောင်းသော ဘုရားနှင့် တောင်အဖြစ် နာမည်ကြီးပါသည်။ စစ်ကိုင်းသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများပင် ရှင်ပင်နံကိုင်းသို့ တကူးတက တက်ရောက်ခြင်းများရှိသည်။ ရှင်ပင်နံကိုင်းသည် ရှုခင်းကြည့်၍ ကောင်းခြင်း၌ ပုညရှင်နှင့် ကောင်းစွာယှဉ်နိုင်သည်ဟု ထင်ပါသည်။
ဧရာဝတီမြစ်နှင့် နီးနီးကပ်ကပ်ရှိခြင်းကြောင့် အရှေ့မြောက်ထဲက မန္တလေးမြို့ကိုလည်းကောင်း၊ အရှေ့ဘက်ကမ်းက ရွှေကြက်ကျနှင့် ရွှေကြက်ယက်ဘုရားတို့ကိုလည်းကောင်း၊ ဧရာဝတီမြစ်ကြီးနှင့် စစ်ကိုင်းတံတား၊ ရတနာပုံတံတားတို့ကိုလည်းကောင်း၊ မြောက်မှတောင်သို့ စီးဆင်းနေရင်းမှ အနောက်ဘက်သို့ ချိုးကွေ့သွားသည့် ဧရာဝတီမြစ်ကြီးကိုလည်းကောင်း၊ တောင်ဘက်ကမ်းမှ အင်းဝမြို့တော်ဟောင်းကိုလည်းကောင်း၊ စစ်ကိုင်းမြို့တစ်ခွင်ကိုလည်းကောင်း ပုညရှင်ဘုရားပေါ်က ကြည့်ရသည်ထက် ပို၍ ရှင်းရှင်းလင်း သဲသဲကွဲကွဲ မြင်ရလေသည်။
နံကိုင်းတောင်နှင့် ရှင်ပင်နံကိုင်းဘုရားရင်ပြင်မှ မြင်ရသောရှုခင်းများ ကြည့်ကောင်းလှသလို တောင်နှင့်ဘုရားကို အနီးအဝေး လေးဘက်လေးတန်မှ ပြန်ကြည့်လျှင်လည်း လှပတင့်တယ်သောမြင်ကွင်းကို ကောင်းကောင်းကြီး တွေ့မြင်နိုင်သည်။ နံကိုင်းတောင်ကမြင့်မားပြီး ရှင်ပင်နံကိုင်းဘုရားကလည်း အတော်အသင့်ကြီးသဖြင့် ကြည့်ရတာ ပေါ်လွင်ပါသည်။ အရှေ့ဘက်ကမ်းကကြည့်လျှင်လည်း ရှင်းလင်းစွာမြင်ရပြီး ဧရာဝတီမြစ်ထဲကဆိုလျှင် မိမိအပေါ် စီးမိုးနေသည့်အလား ခံစားရပါသည်။
မြစ်လယ်မှကြည့်လျှင် နံကိုင်းတောင်မှာ မြင့်မြင့်မားမားကြီး ပေါ်ထွက်နေသည်ကို မြင်ရသောကြောင့် တစ်တောင်တည်း သီးခြားရှိနေသလို ထင်ရသည်။ တကယ်တော့ မြစ်ဘက်မျက်နှာစာ၌ နဂါးလျှိုတောင်၊ ချမ်းသာကြီး ချမ်းသာရဘုရားများ တည်ရှိရာ ဟံသာဂီရိတောင်နှင့် အနောက်ဘက်၌ မီးပေါက်ကြီးတောင်၊ ရှစ်ထောင့်စေတီတောင်၊ ပြာပုံတောင်တို့ ဝန်းရံတည်ရှိနေကြသည်။ နံကိုင်းတောင်သည် စစ်ကိုင်းတောင်၏ တောင်လုံး၊ တောင်ကုန်းများထဲ၌ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသဖြင့် အထူးထုတ်ဖော် ရေတွက်ထားရသော တောင်ကိုးလုံးတွင်လည်း အပါအဝင်ဖြစ်သည်။
နံကိုင်းတောင်ခြေမှ ဘုရားရင်ပြင်ရောက်သည်အထိ အကွေ့အကောက်မရှိသည့် တစ်ဖြောင့်တည်းသော စောင်းတန်းရှည်ကြီးကလည်း စစ်ကိုင်းတောင်ရှိ အခြားဘုရားများမှ စောင်းတန်းများနှင့်မတူဘဲ ထူးခြားနေသည်။ စောင်းတန်းက မတ်လည်းမတ်သည်။ ရှည်ရမတ်ရသည့်အထဲ တစ်ဖြောင့်တည်းကြီး ဖြစ်နေသဖြင့် စောင်းတန်းမှ တက်မည့်သူအတွက် ထိပ်ဆုံးထိ လှမ်းမျှော်ကြည့်ပြီး စိတ်မောစရာတော့ ဖြစ်ရလေသည်။
တောင်ခြေစောင်းတန်းအစ၏ အရှေ့နား၌ တောင်ပေါ်တက်သည့်ကားလမ်းရှိသည်။ နံကိုင်းတောင်၏တောင်ဘက်နှင့် အနောက်တောင်ဘက်အခြေများ၌ လူနေအိမ်ခြေများရှိသော်လည်း တောင်ပေါ်သို့ ကားလမ်းမှတက်သွားရသည်မှာ လူမနီးသူမနီး တောတောင်တစ်ခုပေါ်သို့ တက်ရသလို သဘာဝအရသာကို ခံစားရသည်။ တောင်တက်ကားလမ်း၌ ခပ်မတ်မတ်တက်နေရင်း ဂငယ်ကွေ့ ကွေ့ချိုးလိုက်သည့်နေရာတွင် စောင်းတန်းနှင့် လွန်စွာနီးကပ်သွားသေးသည်။
တောင်တက်ကားလမ်းအစ ညာဘက်၌ ဇမ္ဗူ့မင်္ဂလာကျောင်းတိုက်နှင့် ဇမ္ဗူ့မင်္ဂလာ ရှင်ပင်နံကိုင်းကျောင်းတိုက်တို့ရှိသည်။ ဤကျောင်းတိုက်များမှာ ရှင်ပင်နံကိုင်းဘုရားကြီးအား ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ဆရာတော်ကြီးဘဒ္ဒန္တဇနိန္ဒ၏ ကျောင်းတိုက်များဖြစ်သည်။ စတက်ပြီးမကြာမီ လေးငါးကွေ့ ကွေ့တက်ပြီးနောက် မြောက်ဘက်သို့ တည့်တည့်နီးပါးတက်သွားရသည်။ ကားလမ်းတစ်လျှောက် ညာဘက် လမ်းအောက်ဘက်၌ အခြားကျောင်းများလည်း ရှိသေးသည်။ အကွေ့တစ်ခု၌ ချမ်းသာလှစေတီကိုလည်း တွေ့ ရသည်။ ချမ်းသာလှစေတီမှ မြောက်ဘက်အောက်ထဲဆင်းသွားလျှင် ချမ်းသာကြီးချောင်ထဲရောက်သွားပြီး ချမ်းသာကြီး၊ ချမ်းသာရဘုရားများ ဖူးမြင်နိုင်သည်။
ချမ်းသာလှဘုရားအနီးကနေ ဘယ်ဘက်ချိုးပြီး မတ်သောအတက်ကြီးကို တက်ရပြန်သည်။ ယင်းအတက်ဆုံးပြီး ဘယ်ဘက်ကွေ့လိုက်သည်နှင့် ရှင်ပင်နံကိုင်းဘုရားခြေရင်း ရောက်ပါသည်။ ဘုရားရင်ပြင်ပေါ်သို့ အနောက်ဘက်ရှိ ဆယ့်လေးငါးထစ်ရှိ လှေကားတိုလေးဖြင့် တက်ရသည်။
အပိုင်း(၂) ဆက်ရန်
