9 w - Translate

◾ဆေးမေတ္တာအမှတ်တံဆိပ်ပါ တိုင်းရင်းဆေး ၂၆ မျိုး သုံးစွဲရန်မသင့်ဟုထုတ်ပြန်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဆေးမေတ္တာအမှတ်တံဆိပ်ပါ တိုင်းရင်းဆေး ၂၆ မျိုးကို တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသောကြောင့် သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဩဂုတ် ၂၀ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေးဝါးများကို အရည်အသွေးစစ်မှန်ကောင်းမွန်ခြင်း၊ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းခြင်းနှင့် အကျိုးအာနိသင်ရှိ၊ မရှိတို့ကို စနစ်တကျစစ်ဆေးလျက်ရှိ ကြောင်း၊ ထိုသို့စစ်ဆေးရာတွင်ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ဗန်းမော်မြို့မှထုတ်လုပ်ဖြန့်ချိ သည့် ဆေးမေတ္တာအမှတ်တံဆိပ်ပါ တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါဆေးမေတ္တာအမှတ်တံဆိပ်ပါ ဆေးဝါးများမှာ ဆေးအိုးပုတ်ဆေးကြီး၊ ယားနာလိမ်း‌ဆေး၊ လိပ်ခေါင်းပျောက်ဆေး၊ ရှဉ့်မတက်အားတိုးဆေး၊ အစာအိမ်ရောဂါ ပျောက်ဆေး၊ လေနိုင်ဆေးရည်၊ အာရုံကြောအားတိုးဆေး၊ အဆုတ်သန့်ဆေး၊ သက်ရင်းကြီးအဆီကျဆေး၊ လေဆေး၊ နှလုံးအားတိုး ဆေး၊ အပူလွန်သွေးအားနည်းကင်ဆာဆေး၊ မျက်စိအားတိုးဆေး၊ သားအိမ်သန့်ရှင်းဆေး၊ အပူငြိမ်းဆေး၊ သဘာဝအားတိုးဆေး၊ သက်ရှည်ကျန်းမာဆေး၊ လေးဖက်နာရောဂါပျောက်ဆေး၊ ဆီးနှင့်ကျောက်ကပ်ပျောက်ဆေး၊ သမြားနီဆေး၊ သွေးသန့်ဆေးကြီး၊ အကျိတ်ကြေဆေး၊ နားရောဂါသက်သာပျောက်ကင်းဆေး၊ သွေးတိုးကျဆေး၊ မျက်စိကွင်းဆေးနှင့် ဆီးသန့်စင်ဆေး အစရှိသည့် ဆေး ၂၆ မျိုးကို အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ စိစစ်ပြီးမှတ်ပုံတင်ထားမှသာဝယ်ယူသုံးစွဲရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါး အတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန် မသင့်ကြောင်းကြေညာထားသည့် တိုင်းရင်းဆေးဝါးများတင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရလုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါကတိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)(၃၂)အရ တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံအသိပေးထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image