ပြည်ပ သွင်းကုန်တချို့ ပစ္စည်းရှားပြီး စျေးအဆမတန် ခုန်တက်လာ
ဩဂုတ် ၁၈ - ၂၀၂၅
SS (VOM)
အစိုးရက အခြေခံ လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်တင်သွင်းခွင့် ယာယီ ကန့်သတ်လိုက်တဲ့ သတင်း ထွက်ပေါ်လာပြီးနောက် ပြည်တွင်းရှိ သွင်းကုန်တချို့ ပစ္စည်းရှားပြီး စျေးအဆမတန် ခုန်တက်လာတယ်လို့ ပြည်သူတွေက ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် အစိုးရက ပြည်ပကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အဆင့်ဆင့် ကန့်သတ် ထိန်းချုပ်လာတာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း ဆေးဝါး၊ စာသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
အဆိုပါသတင်း ထွက်ပေါ်လာပြီးတဲ့နောက် လက်ရှိမှာ ပြည်ပက တင်သွင်းတဲ့ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရက်ပိုင်းအတွင်း ဈေးအဆမတန် မြင့်တက်လာပြီး ဝယ်ယူရ ခက်လာတယ်လို့ သိရပါတယ်။
“မနေ့က ယိုးဒယား ပုစွန်နှစ်ကောင်ဆီ သွားဝယ်တာ။ ကိုယ်ဝယ်နေကျဆိုင်က ပစ္စည်းပြတ်နေတယ်ဆိုလို့ တခြားဆိုင်တွေ လိုက်ရှာဝယ်ရတာ ဆိုင် ငါးဆိုင်လောက် ဝင်မေးလိုက်ရတယ်။ တဆိုင်မှာပဲ ဝယ်လို့ရခဲ့တယ်။ ဈေးကလည်း ၅ လီတာ တဘူးကို အရင်က လေးသောင်းလေးထောင်ကျော်၊ အခု ငါးသောင်းကျော်သွားပြီ။ တခြား ပစ္စည်းတွေလည်း ဈေးတက်တယ် ပြောတယ်။ ယိုးဒယားအစစ် အိုးတံဆိပ် အချိုမှုန့်ဆို အရင် တထုပ် ၈၇၀၀ တန်က အခု ၉၂၀၀ ဖြစ်သွားပြီ” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ စားသောက်ကုန်နဲ့ လူသုံးကုန်တချို့ ဈေးမြင့်တက်လျက် ရှိတာမှာ ခနောကြက်သားမှုန့် အစိမ်း ၈၀၀ ဂရမ် တသောင်း သုံးထောင့်ငါးရာကျပ်၊ ယိုးဒယားခရုဆီ မိန်းမကြီး ပုလင်းကြီး ၉၉၀၀ ကျပ်၊ ယိုးဒယား မျက်လုံးခေါက်ဆွဲ တဖာ သုံးသောင်းရှစ်ထောင်ကျပ်၊ ယိုးဒယားထုတ် Nescoffe တပါကင် တသောင်း ရှစ်ထောင့်ငါးရာကျပ်၊ ယိုးဒယားအစစ် ငါးသေတ္တာ Hi Chef တဘူး ၁၉၅၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ခနောကြက်သားမှုန့် အစိမ်း ၈၀၀ ဂရမ် တသောင်း တသောင်းနှစ်ထောင့်ကိုးရာကျပ်၊ ယိုးဒယားခရုဆီ မိန်းမကြီး ပုလင်းကြီး ၈၅၀၀ ကျပ်၊ ယိုးဒယား မျက်လုံးခေါက်ဆွဲ တဖာ သုံးသောင်းငါးရာကျပ်၊ ယိုးဒယားထုတ် Nescoffe တပါကင် တသောင်း ခုနစ်ထောင့်ငါးရာကျပ်၊ ယိုးဒယားအစစ် ငါးသေတ္တာ Hi Chef တဘူး ၁၄၅၀ ကျပ်ဝန်းကျင်မှာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်တွေကတော့ နောက်ပိုင်းလည်း ဒီထက် ထပ်တက်နိုင်တယ်ပြောကြတယ်။ အခုတောင် ပစ္စည်း ရှားနေပြီတဲ့။ တချို့ ကုန်သည်တွေကတော့ ထုံးစံအတိုင်း တက်ဈေးစောင့်ပြီး ထုတ်မရောင်းကြတာတွေလည်း ရှိနိုင်တယ်။ နောက်ဆုံးတော့ ပြည်သူတွေပဲ ခံရတာ။ သူတို့ ပြည်ပအဝင် ပိတ်တာက အရင်ကတည်းက တက်နေပြီးသား ဈေးကို ပိုဆိုးအောင် လုပ်လိုက်သလိုပဲ။ ရှေ့လျှောက် ဒီထက်ပိုပြီး ကျပ်တည်းဖို့ပဲ ရှိတယ်” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
ပြည်တွင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေသလို ဈေးကွက်အတွင်း ကုန်စည် ရှားပါး ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်လျက် ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် အခုလို ထပ်မံ ကန့်သတ်မှုတွေက ကုန်ဈေးနှုန်း မြင့်တက်မှုကို ပိုမို ဆိုးရွားသွားစေနိုင်ကာ ပြည်သူအများစု လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေကို ရောက်ရှိသွားနိုင်တယ်လို့ ကုန်အရောင်းအဝယ် ပြုလုပ်သူတွေနဲ့ သုံးစွဲသူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။
ဒါအပြင် လက်ရှိမှာ ပြည်ပက တင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေအပြင် ပြည်တွင်းထုတ် ကုန်စည် တချို့လည်း ဈေးမြင့်တက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“နိုင်ငံခြားကဝင်တဲ့ ပစ္စည်းတွေ ဈေးတက်တာ ထားပါဦး။ ပြည်တွင်း ထွက်ကုန်တွေက ဘာလို့ ဈေးလိုက်တက်တာလဲ စဉ်းစားမရဘူး။ အရင်က စားတော်ပဲဈေး တပြည်ကို တသောင်း၊ အခု တသောင်းခြောက်ထောင် ဖြစ်သွားတယ်။ တရက်အတွင်းကို ချက်ချင်းကြီး ဈေးခုန်တက်သွားတာ” လို့ ပဲပြုတ်ရောင်းသူ တယောက်က ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း အစိုးရအနေနဲ့ နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်သွင်းတဲ့ စားသောက်ကုန်တွေဖြစ်တဲ့ အချိုရည်၊ ကော်ဖီ၊ ကော်ဖီမစ်၊ တီးမစ်၊ နို့ဆီ စတဲ့ ကုန်ပစ္စည်း ငါးမျိုးကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်မှ စတင်ကာ လက်ရှိအချိန်ထိ ပိတ်ထားသလို အခုထပ်မံ ထွက်ပေါ်လာတဲ့ စာမှာလည်း ကော်ဖီနဲ့ ချိုချဉ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
အခုလို ပိတ်ပင်တာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေကတော့ သွင်းကုန်အပေါ်မှီခိုနေရတဲ့ လုပ်ငန်းတွေအတွက် (အထူးသဖြင့်) စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ တခြား လူသုံးကုန်ပစ္စည်းဆိုင်ရာ လုပ်ငန်းတွေအတွက်တော့ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။
“နိုင်ငံခြားကဝင်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်မယ်လို့လည်း ကြားတယ်။ လုံလုံလောက်နဲ့ အရည်အသွေးမီ ထုတ်နိုင်ပါ့မလား။ စဉ်းစားစရာပေါ့။ သေချာတာကတော့ ပြည်တွင်းမှာ ပြည်ပကုန်စည် ရှားမယ်။ ဈေးအဆမတန် တက်မယ်။ ကုန်သည်တွေ၊ ဆိုင်ပိုင်ရှင်တွေ သူတို့ရဲ့ အရင်းအနှီးကို ပိုပြီး အသုံးပြုရပါမယ်။ အရင်းအနှီး ထပ်မထည့်နိုင်တဲ့ လုပ်ငန်းရှင်တွေကတော့ ကုန်ပစ္စည်း ပြန်မဝယ်နိုင်တော့ဘဲ လုပ်ငန်းကို ရပ်ဆိုင်းပစ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်” လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
အခုလို ကန့်သတ် ပိတ်ပင်မှုတွေဟာ မှောင်ခိုလုပ်ငန်းကို အားပေးနေခြင်းနဲ့ ကုန်စျေးနှုန်းကို မြှင့်တက်လာအောင် ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူတွေ ပိုမို ကျပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆန်၊ ဆီနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေကို ရည်ညွှန်းဈေးတွေ သတ်မှတ်ခြင်းအပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်လည်း သွင်းကုန်တွေကို ထိန်းချုပ်ခြင်းတွေ ပြုလုပ်နေသလို သွင်းကုန်လိုင်စင် လျှောက်ထားရာမှာလည်း မူဝါဒ သတ်မှတ်ချက်တွေကြောင့် လနဲ့ချီ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
