ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ ဓါးစာခံတွေလွတ်မြောက်ရေး အစ္စရေးမှာ လူသိန်းချီ ဆန္ဒပြ
တဲလ်အဗစ်၊ ဩဂုတ်-၁၈-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုတဲ့ ဆန္ဒပြမှုတွေ အစ္စရေးမှာ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လူသိန်းချီပါဝင်ခဲ့ပါတယ်။
တဲလ်အဗစ်မြို့က ဓားစာခံများရင်ပြင် မှာ အကြီးဆုံးလူစုလူဝေးပြုလုပ်ခဲ့ပြီး အစ္စရေးအစိုးရရဲ့ ဂါဇာမြို့တော်သိမ်းပိုက်ရေးအစီအစဉ်က ဟားမတ်စ်လက်ထဲမှာ ကျန်ရှိနေဆဲ ဓားစာခံ ၂၀ နီးပါးရဲ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
တနေ့တာ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုတွေကြောင့် လမ်းတွေ၊ ရုံးတွေနဲ့ တက္ကသိုလ်အချို့ပိတ်ခဲ့ရကာ ဆန္ဒပြမှုတွေအတွင်း လူ ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီဆန္ဒပြမှုတွေဟာ ဟားမတ်စ်တို့ကို အားပေးရာရောက်ပြီး ဓားစာခံတွေလွတ်မြောက်ရေး အစီအစဉ်ကို နှေးကွေးစေမယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဓားစာခံမိသားစုတွေနဲ့ စစ်ပွဲကန့်ကွက်သူတွေက ဒီနိုင်ငံတဝန်းသပိတ်ကို စီစဉ်ခဲ့ကြတာဖြစ်ပြီး အစ္စရေးက ဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ပြီးနောက် တပတ်အကြာမှာ ဖြစ်ပေါ်ခဲ့တာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။
အစ္စရေးကတော့ စစ်ဆင်ရေးတိုးချဲ့မှာ ဖြစ်တဲ့အတွက် ရွှေ့ပြောင်းမှုတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ရက်ပေါင်းများစွာ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာမြို့တောင်ပိုင်း ဇီတွန်‌ဒေသမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ စတင်ရွှေ့ပြောင်းနေကြပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာဒေသကို ယာယီတဲတွေနဲ့ခိုလှုံရေးပစ္စည်းတွေ ပြန်လည်ဝင်ရောက်ခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။ စစ်မြေပြင်ဒေသတွေကနေ ပြည်သူတွေကို ဂါဇာတောင်ပိုင်းကိုပြောင်းရွှေ့ဖို့ ခိုလှုံရေးပစ္စည်းတွေ ပြန်လည်ပေးပို့မယ် လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

image