#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒေါ်နယ်ထရန့်နှင့် ပူတင်တို့၏ ဆွေးနွေးပွဲ အလာစကာစစ်စခန်းတစ်ခု၌ ကျင်းပမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှား သမ္မတပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲကို အလာစကာပြည်နယ် စစ်အခြေစိုက်စခန်းတစ်ခု၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဩဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အလာစကာပြည်နယ်အန်းကားရိတ်မြို့အနီး တည်ရှိသော အယ်လ်မင်ဒေါ့ဖ်-ရစ်ချက်ဆင်အမည်ရှိ အဆိုပါပူးတွဲစစ်အခြေစိုက်စခန်းသည် စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုကို တုံ့ပြန်ရာတွင် အထူးအရေးပါခဲ့သော ပူးတွဲအခြေစိုက်စခန်းဖြစ်ပြီး ယနေ့ခေတ်တွင်လည်း အရေးပါနေဆဲဖြစ်သည်။
အယ်လ်မင်ဒေါ့ဖ်-ရစ်ချက်ဆင် ပူးတွဲစစ်အခြေစိုက်စခန်း၌ လက်ရှိအချိန်တွင် အက်ဖ်-၂၂ ရေဒါကိုယ်ယောင်ဖျောက် တိုက်လေယာဉ်များ အပါအဝင် အမေရိကန်လေတပ်၏ အဓိကစစ်လေယာဉ်အုပ်စုများ တပ်စွဲထားသည်။
အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခု၌ ရုရှားသမ္မတပူတင်ကိုလက်ခံတွေ့ဆုံခြင်းဖြင့် ဆန္ဒပြပွဲများ၏ နှောင့်ယှက်မှုကိုရှောင်ရှားနိုင်မည်ဖြစ်သလို သမ္မတဒေါ်နယ်ထရန့်အတွက်လည်း အမေရိကန်စစ်အင်အားကို ပြသနိုင်မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက်ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
အဆိုပါဆွေးနွေးပွဲ၌ ၎င်းတို့ပါဝင်မှုမရှိသည့်အတွက် ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလဒ်များမှာ ရုရှားနိုင်ငံအကြိုက် ရလဒ်များဖြစ်နေမည့်အရေးကို ယူကရိန်းနှင့် ဥရောပနိုင်ငံများက စိုးရိမ်လျက်ရှိသည်။
ရိုက်တာ