တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီး စတော့ရှယ်ယာနှင့် လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခံရ
တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်း ဇနီးမောင်နှံစုံတွဲ အဖမ်းခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သမ္မတဟောင်း ယွန်ဆွတ်ယော၏ ဇနီးဖြစ်သူ ကင်မ်ကွမ်ဟီးသည် စတော့ဈေးကွက် ခြယ်လှယ်မှုနှင့် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ဆိုးလ်မြို့တော်တရားရုံးက ၄ နာရီကြာ စစ်ဆေးကြားနာပြီးနောက် ကင်မ်ကွမ်ဟီးကို ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၅၂ နှစ်အရွယ်ရှိ ကင်မ်၏ရှေ့နေများက အာမခံဖြင့် လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အစိုးရရှေ့နေများက သက်သေဖျောက်ဖျက်နိုင်ကြောင်း တင်ပြခဲ့ရာ တရားသူကြီးက ယင်းကို လက်ခံခဲ့သည်။
ကင်မ်၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ဆွတ်ယောမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည်။
ကင်မ်ကွမ်ဟီးသည် သမ္မတကတော်မဖြစ်မီကပင် စတော့ရှယ်ယာဈေးကွက်ကို ခြယ်လှယ်ကစားခဲ့သော ကုမ္ပဏီတစ်ခုကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး သမ္မတကတော်ဖြစ်ပြီးနောက်တွင်လည်း လာဘ်ပေးလာဘ်ယူမှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ယွန် အာဏာရစဉ်ကာလအတွင်း အတိုက်အခံများက ကင်မ်ကို စုံစမ်းစစ်ဆေးရန် သုံးကြိမ်တိုင်တိုင် အဆိုတင်သွင်းခဲ့သော်လည်း ယွန်က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။ သို့သော် ယွန်၏ပြိုင်ဘက် လီဂျေမြောင် သမ္မတဖြစ်လာပြီးနောက်တွင် ကင်မ်အပေါ် စွပ်စွဲချက်များ စုံစမ်းစစ်ဆေးနိုင်ရန် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
#realnews
See translation
