◼ ကိုယ်စားလှယ်လောင်းများလုံခြုံရေး အာမခံချက်ရှိအောင်ဆောင်ရွက်ပေးမည်ဟုဆို
ရွေးကောက်ပွဲအတွက်ပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလ အထိ ၎င်းတို့၏လုံခြုံရေးအာမခံချက်ရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဩဂုတ် ၁၂ ရက်)ကပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင်ပြောသည်။
ယင်းအစည်းအဝေးတွင် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေးနည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်လာနိုင် ကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်အပြုသဘောဆောင်သည့်နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲ အပေါ် စောဒကတက်သည့်နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကျင်းပမည့်ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"လက်ရှိအနေအထားက ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့တောင်အခက်ခဲရှိတယ်။ နယ်ကသူတွေက ပိုဆိုးတာပေါ့။ အခုသူတို့ကလုံခြုံးရေးကိုအပြည့်အဝတာဝန်ယူနိုင်ရင်တော့ပိုကောင်းတာပေါ့။ ဒါဆို ကိုယ်စာလှယ်လောင်းတွေ မဲဆွယ်ရတာအဆင်ပြေမယ်။ ဒီလိုလုပ်မပေးနိုင်တော့မဲဆွယ်ဖို့ အခက်အခဲ တွေအများကြီးရှိပါတယ်" ဟု ရှမ်းနှင့်တိုင်ရင်သားများဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ထို့ပြင်ရွေးကောက်ပွဲကာလတွင်လည်း စွပ်စွဲ၍သတ်ဖြတ်နေမှုများနှင့် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်ဟန့်တားကာကွယ်မှုများဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင် ကျူးလွန်သူများကို တရားစီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံးတရားစီရင်နိုင်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ သာမန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေမည့်ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့်တရားစီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
