10 ပတ် - ဘာသာပြန်ပါ။

အမှတ်စာရင်းကို တနိုင်လုံးတပြိုင်တည်းထုတ်မပေးတော့ဘဲ တိုကင်စနစ်သုံးပြီး တိုင်းနဲ့ ပြည်နယ်ကို ရက်အလိုက် ကန့်သတ်ထုတ်ပေးတော့မယ်
ဩဂုတ် ၁၃ ၊ ၂၀၂၅

တက္ကသိုလ်စာမေးပွဲ အမှတ်စာရင်းတွေကို ဩဂုတ် ၁၃ ရက်မှာ အမှတ်စာရင်းပြန်ထုတ်ပေးမှာဖြစ်ပြီး တနိုင်ငံလုံးကို တပြိုင်တည်းထုတ်မပေးတော့ဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ရက်သတ်မှတ်ပြီးသာ ထုတ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးလာပါတယ်။
အမှတ်စာရင်း ပြန်လည်ထုတ်ပေးမယ့် ဩဂုတ် ၁၃ ရက်မှာဆိုရင် ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊မွန် ၊ရခိုင် နဲ့ မှ အမှတ်စာရင်းတွေကို စတင်ထုတ်ပေးမှာဖြစ်တယ် လို့သိရပါတယ်။
ဩဂုတ် ၁၄ ရက်နေ့မှာတော့ ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်းဒေသကြီးတွေရဲ့ အမှတ်စာရင်းကို စတင်ထုတ်ပေးမှာဖြစ်ပြီး ကျန်တဲ့ တိုင်းဒေသကြီးက အမှတ်စာရင်းတွေထုတ်ပေးမယ့်ရက်ကိုတော့ ထပ်မံကြေငြာပေးသွားမယ်လို့ဆိုပါတယ်။
အမှတ်စာရင်း ထုတ်ပေးရာမှာ တိုကင်စနစ်သုံးပြီး ထုတ်ပေးမှာ ဖြစ်လို့ ကနဦးအနေနဲ့ တိုကင်(၅၀) နဲ့စတင် ဆောင်ရွက်မှာဖြစ်ကြောင်း လည်ဆွဲကတ်နဲ့တိုကင်ထုတ်ယူဖို့အတွက် အမှတ်စာရင်းထုတ်ယူရန် လာရောက်သူရဲ့ မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားကတ် တခုခုယူခဲ့ဖို့လိုအပ်ပါတယ်။
အမှတ်စာရင်းလျှောက်လွှာမှာ ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာတွေ ဖြည့်စွက် တင်သွင်းရမှာဖြစ်ပြီး အချက်အလက် မပြည့်စုံပါက လျှောက်လွှာကို လက်ခံဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့လည်း တဆက်တည်းအသိပေးထားပါတယ်။
"တကယ်ဆို လျှောက်လွှာမှာ အမည်နဲ့ ခုံနံပါတ် ဖြည့်ရင်ရပြီလေ။အောင်လား ကျလားဆိုတာကို သူတို့ဘက်က စာရင်းပြန်ထုတ်ပေးရမှာကို ဘာတွေရှုပ်နေမှန်းမသိဘူး။ အမှတ်ထုတ်မယ့်သူက အောင်၊ရှုံး နဲ့ ဂုဏ်ထူးရဘာသာပါ ဖြည့်ပေူရအုံးမယ်ဆိုတော့ ခက်တော့ခက်ပေါ့။သူတို့မှာ အမှတ်စာရင်းထုတ်တာတောင် အကန့်အသတ်နဲ့ခွဲလုပ်နေရတယ်။ အမှတ်စာရင်းထုတ်ဖို့ တိုကင်လည်းယူရမယ်ဆိုတော့ ပြောရရင်ရှုပ်နေတာပဲ။ အရင်လောက်တော့မမြန်လောက်ဘူး။" လို့ အမှတ်စာရင်းထုတ်တဲ့ ဝန်ဆောင်မှုပေးနေသူကပြောပါတယ်။
အမှတ်စာရင်းထုတ်ပေးတဲ့အခါ အမှတ်စာရင်းကို သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်) နေပြည်တော် နဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးခွဲ)ရန်ကုန် တို့မှာ တိုက်ရိုက်လာထုတ်တဲ့ တဦးချင်းထုတ်သူများကိုသာ ထုတ်ပေးမှာဖြစ်ပြီး အဖွဲ့လိုက် ထုတ်မပေးသေးဘူးလို့လည်းသိရပါတယ်။
နောက်ပြီး အရင်ကလို စောင်ရေကောင်တာခွဲပြီး မထုတ်ပေးတော့ဘဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာသတ်မှတ်ထုတ်ပေးမှာဖြစ်တဲ့အတွက် မိမိထုတ်ယူလိုတဲ့ ခုံနံပါတ်မှာ ကချင်ပြည်နယ်မှ ခုံနံပါတ်ဖြစ်ပါက ကချင်ပြည်နယ်ထုတ်ပေးတဲ့ ကောင်တာမှာသာ အမှတ်စာရင်းလျှောက်လွှာ တင်ရမှာဖြစ်ကြောင်း ၊ တခြား မသက်ဆိုင်တဲ့ ကောင်တာတွေ တင်လို့မရဘူးလို့သိရပါတယ်။
အမှတ်စာရင်းထုတ်ပေးမှု မရပ်ဆိုင်းမီ ထုတ်ယူခဲ့တဲ့အနက် နေပြည်တော်စာစစ်ဌာနမှ အမှတ်စာရင်းအချို့ကသာ အမှတ်စာရင်းမှားယွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကျန်ဒေသအမှတ်စာရင်းတွေမှန်ကန်တာကြောင့် အမှတ်စာရင်းပြန်ထုတ်ဖို့မလိုအပ်ဘူးလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကဆိုပါတယ်။
" မလိုအပ်ပါ။ နေပြည်တော်ခုံနံပါတ်အချို့သာ(အားလုံးမဟုတ်) error ဖြစ်ခဲ့ပြီး ကျန်တဲ့ ပြည်နယ်/တိုင်းခုံနံပါတ်များ အမှတ်စာရင်းအားလုံးမှန်ကန်ပါတယ်။ ထုတ်လိုက ထုတ်နိုင်ပါတယ်။ အမှတ်စာရင်းကို သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးတဲ့ ပုံစံပြောင်းမှာဖြစ်လို့ ယခင်လို အခုတင်၊ အခုထုတ် မရပါ။ အချိန်စောင့်ရပါမယ်။ နေ့စဉ်ထုတ်ပေးနိုင်တဲ့ စောင်ရေ လျော့ပါမယ်။" လို့ ပြောပါတယ် ။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းထုတ်ပေးမှုကို တနိုင်ငံလုံးအတိုင်အတာနဲ့ ဇူလိုင် ၃၀ ရက်မှာ စတင်ထုတ်ပေးခဲ့ပြီးနောက် အမှတ်စာရင်းမှားယွင်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ဩဂုတ် ၄ ရက်မှာ အမှတ်စာရင်းထုတ်ပေးမှုကို ယာယီရပ်နားခဲ့တာ ဩဂုတ်လ ၁၂ ရက်နေ့အထိဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာတော့ တနိုင်ငံလုံး အတိုင်းအတားအနေနဲ့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

image