10 ပတ် - ဘာသာပြန်ပါ။

ကုန်ပစ္စည်း ၃၅ မျိုးကို ပြည်ပကနေ တင်သွင်းခွင့် ယာယီပိတ်တဲ့ညွှန်ကြားချက် ထွက်ပေါ်လာတဲ့အပေါ် ဝေဖန်မှုတွေရှိ

လူသုံးကုန် ၊ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန် ၊အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၃၅ မျိုးကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြည်ပကနေ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း စာတစောင် လူမှုကွန်ယက် မှာပျံ့နှံ့နေတာတွေ့ရပါတယ်။
တင်သွင်းခွင့်ယာယီပိတ်လိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ ခြေညှပ်ဖိနပ် ၊ အုန်းနို့ (စားသောက်ကုန်) ၊ ဘတ္ထရီ ၊ အမွှေးတိုင် ၊ ဖျာ ( လူသုံးကုန်) ၊ ခေါက်ဆွဲနဲ့ ကြာဇံ ၊ကားတာယာ ၊ ချိုချဥ် (သကြားလုံး) ၊ ဘီစကစ် ၊ ပဲငံပြာရည် ၊ ကော်ဖီစေ့ နဲ့ကော်ဖီမှုန် အပါ လက်ဖက်ခြောက် ၊ဘူဒိုဇာ နဲ့ ကရေဒါအပါ ဝှီးလုတ်ဒါ ၊ လူကြီးသုံးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်တံနဲ့သွားတိုက်ဆေးအပါဆပ်ပြာ၊ငှက်သိုက်၊ တစ်ရှူး၊အင်ဂျင်ဝိုင်၊ကြက်အူချောင်း (စားသောက်ကုန်)၊ မီးလုံး ၊လျှပ်စစ်စက်ဘီး၊မယ်လမင်း ပစ္စည်း၊ အသင့်သောက်ဒိန်ချဥ်နဲ့နို့၊ဓာတ်ခဲ၊ တာယာနဲ့ကျွတ်(ဆိုင်ကယ် ၊စက်ဘီး )၊ ပလပ်စတစ်ခြင်း နဲ့ပုံးအပါ ခွက်၊ ထိုင်း SCG ဆင်တံဆိပ်ဘိလပ်မြေတို့ကို နယ်စပ် ၊ပင်လယ်ရေကြောင်းနှစ်ခုလုံးကနေ တင်သွင်းခွင့်ပိတ်ကြောင်းဖော်ပြထားပါတယ်။
ဓာတ်လှေကား ၊မီးစက်၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ဆေး၊လက်ကိုင်ဖုန်း ၊မီးချောင်းတံဆိပ် ကြွေပြားကပ်ကော်မှုန့် တို့ကိုတော့ နယ်စပ်ကနေ တင်သွင်းခွင့်ပိတ်လိုက်ပြီး ပင်လယ်ရေကြောင်းကနေ တင်သွင်းခွင့်ပြုကြောင်း အဆိုပါစာစောင်မှာ ဖော်ပြချက်အရသိရပါတယ်။
ယခုလို သွင်းကုန်ပစ္စည်းအချို့ ကို တင်သွင်းမှုပိတ်လိုက်တာဟာ ပြည်တွင်းမှာထွက်ရှိတဲ့ပစ္စည်းကို ပြည်ကနေ တင်သွင်းခြင်းမရှိအောင်နဲ့ နိုင်ငံခြားငွေ သုံးစွဲရမှုကို ထိန်းချုပ်ခြင်း ၊ ပြည်တွင်းထုတ်ကုန်ကဏ္ဍ စျေးကွက်ကျယ်ပြန်လာအောင်နဲ့ ပြည်တွင်းထုတ်ကုန်ကို ပိုပြီး အားပေးလိုတာမျိုးကြောင့်ဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တချို့နဲ့ ပြည်သူအချို့က သုံးသပ်ပြောပါတယ်။
" ဒါက ပြည်တွင်းမှာထုတ်တဲ့ပစ္စည်းတွေကို ပြည်ပကနေ မသွင်းစေချင်တဲ့သဘောလို့မြင်ပါတယ်။ ကိုယ့်နိုင်ငံကထွက်တဲ့ပစ္စည်းကို ပြည်ပကနေ တင်သွင်းတော့ နိုင်ငံခြားငွေလည်းထွက်မယ်။ပြည်တွင်းထုတ်ကုန်တွေလည်းစျေးကွက်ပျောက်မယ်။ဒါကြောင့် ခုလိုတင်သွင်းခွင့်ပိတ်လိုက်တာလို့ပဲမြင်ပါတယ်။အရင်ကတည်းက အစိုးရက ပြည်တွင်းထွက်ကုန်ကဏ္ဍကို မြှင့်ပြီး ပြည်တွင်းကထွက်တဲ့ကုန်ပစ္စည်းဆိုရင် ပြည်ပကနေတင်သွင်းတာမျိုးကိုကန့်သတ်နေတာရှိတယ်။ မလိုအပ်ဘဲ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်းလျှော့ချတာလို့မြင်တယ် ။" လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
တဖက်မှာလဲ ကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။အခုလို ကုန်ပစ္စည်းအချို့ကို တရားဝင်လမ်းကြောင်းကနေ တင်သွင်းခွင့်ပိတ်လိုက်တာဟာ တရာမဝင်လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်သွင်းမှုကိုပိုပြီး အားပေးရာရောက်ကြောင်း ၊ ကုန်ပစ္စည်းစျေးနူန်းတွေလည်း မြင့်တက်လာနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုရှိနေတာဖြစ် ပါတယ်။
" လူကြီးဒိုင်ဘာဆိုရင် လူမမာတွေ၊ ဆီး နဲ့ဝမ်း မထိန်းနိုင်သူတွေဆိုမဖြစ်မနေလိုကြတယ်။ဒါလည်းကန့်သတ်လိုက်တယ်။အခုတင်သွင်းခွင့်ပိတ်လိုက်တဲ့ကုန်ပစ္စည်းတွေက အောက်ခြလူထုပြည်သူတွေ အသုံးပြုရတဲ့ ပစ္စည်းတွေများတယ်။ဒါတွေကို တင်သွင်းခွင့်ပိတ်လိုက်တော့ အောက်လမ်းသမားကိုအားပေးသလိုဖြစ်မနေဘူးလား။တင်သွင်းခွင့်ပိတ်လည်း ပစ္စည်းတွေကစျေးကွက်ထဲဝင်နေတာ လူတိုင်းသိပါတယ်။ဒီလိုသတင်းတွေထွက်လိုက်ပြီဆိုကတည်းက စျေးကွက်လှုပ်နေပြီ။စျေးနူန်းက တက်ပြီးရင်ပြန်ကျတာရှားတော့ ပြည်သူပဲထိမယ်။" လို့ လုပ်ငန်းရှင်တယောက်က သုံးသပ်ပြောပါတယ်။
အဆိုပါ သွင်းကုန် ကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင် ယာယီပိတ်လိုက်တဲ့ နိုင်ငံခြားသုံးငွေ ​ကြီးကြပ်ရေးကော်မတီကတော့ လက်ရှိ နလက လက်ထက်မှာ ဖျက်သိမ်းလိုက်တဲ့ ကော်မတီ၊ အသင်းအဖွဲ့တွေထဲက ကော်မတီတခုဖြစ်ပါတယ်။

image