#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ စကားဘိုရိုရေပြင်၌ တရုတ်သင်္ဘောနှစ်စင်း အချင်းချင်းဝင်တိုက်
ပိုင်ဆိုင်ခွင့်အငြင်းပွား တောင်တရုတ်ပင်လယ်ဒေသ၌ ဖိလစ်ပိုင် ကင်းလှည့်သင်္ဘောတစ်စင်းကို လိုက်လံတားဆီးနေစဉ် တရုတ်သင်္ဘောနှစ်စင်း အချင်းချင်းဝင်တိုက်မိခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရက ဩဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်သည် တရုတ်နှင့် ဖိလစ်ပိုင် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် နိုင်ငံတို့အကြား စကားဘိုရိုရေမြုပ်သဲသောင်နယ်မြေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းဖြစ်စဉ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်မှ စီစီဂျီ - ၃၁ဝ၄ သင်္ဘောက ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောကို အရှိန်ပြင်းစွာဖြင့် လိုက်လံနေစဉ်တရုတ်ရေတပ်မှ စစ်သင်္ဘောတစ်စင်းနှင့် မမျှော်လင့်ဘဲ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စကားဘိုရို ရေမြုပ်သဲသောင်နယ်မြေ၌ တရုတ်သင်္ဘောများနှင့် ဖိလစ်ပိုင်သင်္ဘောများ အကြား ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှု ရှိခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က အတည်ပြုထားသော် လည်း တရုတ်သင်္ဘောနှစ်စင်း ဝင်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။
စကားဘိုရို ရေမြုပ်သဲသောင်နယ်မြေသည်တရုတ်နိုင်ငံက ၂ဝ၁၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံထံမှ သိမ်းယူခဲ့သော နယ်မြေဖြစ်သည်။ စကားဘိုရို ရေမြုပ်သဲသောင်နယ်မြေသည် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများအကြား ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပွားတတ်သည့် နေရာဖြစ်သည်။
ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၏ ၆ဝ ရာခိုင်နှုန်းကျော်တို့ ဖြတ်သန်းနေကြသော တောင်တရုတ်ပင်လယ် ဒေသတစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ခွင့်တောင်းဆိုထားသည်။
ရိုက်တာ
