#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် သေဆုံးသွားသော မြန်မာတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆေးရုံသို့ လှူဒါန်း
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် ဦးနှောက်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးသွားသော မြန်မာနိုင်ငံသား တစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကျန်ရစ်သူမိသားစုဝင်များက ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း စမွတ်စခွန်ကြက်ခြေနီအဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။
သေဆုံးသူသည် အသက်(၄၁) နှစ်အရွယ်ကိုဇင်မျိုးဝင်းအမည်ရှိသူဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်များက ဩဂုတ် ၉ ရက် တွင် စမွတ်စခွန် ဆေးရုံကြီးသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူထံမှ အဆုတ်၊ ကျောက်ကပ်၊ နှလုံးရှိအဆို့ရှင်နှင့် မျက်လုံးတစ်စုံကို အခြားလူနာများ အစားထိုးကုသနိုင်ရန် စမွတ်စခွန်ဆေးရုံကြီးမှတစ်ဆင့် ထိုင်းကြက်ခြေနီ ကိုယ်အင်္ဂါလှူဒါန်းရေး စင်တာသို့ ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စမွတ်စခွန် ကြက်ခြေနီအဖွဲ့ က ဩဂုတ် ၁ဝ ရက်တွင် ကိုယ်အင်္ဂါပေးလှူ ခဲ့သော ကိုဇင်မျိုးဝင်း၏ ကျန်ရစ်သူ မိသားစုများထံသို့ ဂုဏ်ပြုလက်မှတ်၊ ပန်းစည်းနှင့် လှူဒါန်းငွေဘတ် ၃၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
