4 ပတ် - ဘာသာပြန်ပါ။

သေခါနီးမှ မျက်ရည်ပေါက်ကြီးငယ် မကျကြပါနဲ့
ဝိပဿနာဆိုတာ စိတ်ပြောင်းတာ စိတ်တွေ ပြောင်းပြောင်းသွားတဲ့ကိစ္စ။ ဤမှာဘက်ကမ်း ဒီအသိနယ်ကအသိနဲ့ သိလို့ကတော့ ဘယ်တော့မှ အပါယ်မလွတ်ပါဘူး။ သညာသိနဲ့ သိပ္ပံနဲ့ ဘုန်းဘုန်းတို့ပြောလို့ နားထောင်ထားပြီး ပြန်ပြောတတ်ရုံနဲ့ စာတွေဖတ်လို့ ပြန်ပြောတတ်ရုံနဲ့ ဘယ်တော့မှ အပါယ်မလွတ်ဘူး။ ကိုယ်ကိုယ်တိုင်ကျင့်တဲ့အခါကျတော့မှ ဒီဓာတ်ကြီးလေးပါးရဲ့ သဘော သဘာဝတွေကိုသိမှ အပါယ်လွတ်တယ်။ ရုပ်နာမ်ရဲ့ သဘာဝတွေကို သိရင်လည်း အပါယ်လွတ်တယ်။ သူငါယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ သီလရှင်၊ သက္ကာယဒိဋ္ဌိ အယူတွေချုပ်ရင်လည်း အပါယ် လွတ်တာပေါ့။ ဘုန်းဘုန်းတို့ ပြနေတာက အဲဒီအယူမှားကြီးတွေကို ပယ်တဲ့ နည်းပါပဲ။
ဒါကြောင့်မို့ သက္ကာယဒိဋ္ဌိအယူတွေ ကင်းစင်ပြီဆိုရင် အပါယ်လွတ်ပြီဆိုရင် သိမှုပါ ပြောင်းသွားတာပဲ။ ဒါအင်မတန် အံ့ဩစရာကောင်းတယ်။ လူစင်စစ်ဖြစ်ရဲ့သားနဲ့ မိဘကမွေးလာတဲ့ စိတ်တွေ တစ်ခုမှ မရှိတော့ဘူး။ အဲဒီစိတ်တွေ သေသွားတယ်။ လူမသေဘဲ အဲဒီစိတ်တွေ ဒီဘဝမှာပဲ သေသွားတာ။ စိတ်သစ်နဲ့ ဖြစ်နေတယ်။ အဲဒီစိတ်သစ်ကလည်း ဘာလဲဆိုတော့ အရင်တုန်းက ရှိနေတဲ့စိတ်တွေ မဟုတ်တော့ဘူး။ ဪ… အရင် ဟိုစိတ်ကြီးနဲ့သာနေခဲ့ရင် အပါယ်ကျမှာပါလား။ အခုငါ ဒီစိတ်သစ်နဲ့ နေရတာ အေးပေပေါ့ လွတ်ပေပေါ့ ငြိမ်းပေပေါ့လို့ ဒီလိုစိတ်သစ်ကြီးနဲ့ နေရတာပါ။
အခု ယောဂီတို့မှာရှိနေတဲ့ လောကီစိတ်တွေနဲ့ ပုထုဇဉ်စိတ်တွေနဲ့နေရင်တော့ အပါယ် မလွတ်ပါဘူး။ ဒီစိတ်တွေကို ပြောင်းရပါတယ်။ ဒီဝေဒနာကိုမှ မသိသေးရင် ဖြစ်ပျက်ကိုမှ မသိသေးရင် ရုပ်နာမ်ကိုမှ မသိသေးရင် အပါယ်လေးဘုံကြီးကလည်း ဟင်းလင်းပွင့်နေတာပါပဲ။ သံသရာဝဲ ဩဃကြီးထဲမှာ ကမ်းမမြင် လမ်းမမြင်ပဲ ဒုက္ခသစ္စာတွေ တစ်ခုပြီး တစ်ခုဆီကို တဝဲလည်လည်နဲ့ ကျင်လည်နေရအုံးမှာ။ ဘယ်လောက်များ ကြောက်စရာကောင်းလိုက်သလဲ ယောဂီတို့။
ဒါကြောင့် အခုလိုသွန်သင်ပြသပေးတဲ့ ဘဝပါရမီကောင်းခဲ့လို့ ဆရာကောင်းသမားကောင်းနဲ့လည်း ကြုံတဲ့အခါ ထောင်တတ်တဲ့ နားကလေးနဲ့လည်း ပြည့်စုံတဲ့အခါမှာ ကျင့်တတ်တဲ့ ဉာဏ်ကလေးကို အသုံးချပြီး အာသဝေါတရား လေးပါးတို့ရဲ့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်အောင် ကြိုးစားကြပါ။ အချိန်တိုင်းမှာ မောဟဆိုတဲ့ အဝိဇ္ဇာပေါ်မှာ ယောဂီတို့ရဲ့ စိတ်ကို အထိုင်ချထားရင် အဝိဇ္ဇာဓာတ်ခံရှိနေသမျှတော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိကေလသာတွေက လာပေါင်းဖို့ အလွယ်လေး။ အဲဒါကြောင့် အာသဝေါတရားတွေကို ကုန်အောင်ကျင့်ရမယ်။ အာသဝေါတရားတွေကုန်မှ ယောဂီတို့ နိဗ္ဗာန်ကို ရောက်နိုင်မယ်။
ယောဂီတို့ ဘုန်းဘုန်းတို့တတွေ တနေ့ကျတော့ ကိုယ့်လမ်း ကိုယ်ထွက်ရမှာ။ အချိန်လွန်တော့မှ ကျင့်အုံးမယ်ဆိုလို့ မရတော့ဘူး။ သေခါနီးပြီလေ။ သေခါနီးကျမှ ကျင့်အုံးမယ်ဆိုရင် ဘာမှ မရနိုင်တော့ဘူး။ သေခါနီးကျမှ ငါမှားပြီ ဆိုရင်လည်း ဘာမှ လုပ်လို့မရတော့ဘူး။ အခုမိမိတို့လည်း သေခါနီးအချိန် မရဏာသန္နဇောကျတော့မှ အားကိုးရာ မရှိတော့မှ… ငါမှားပြီ ဒီလိုကျင့်ကြံပြီး သံသရာကလွတ်ရာလမ်းကို ရှာနိုင်ရဲ့သားနဲ့ သားနဲ့ပျော် သမီးနဲ့ပျော် ခင်ပွန်းသည်နဲ့ပျော် ခင်ပွန်းသည်မနဲ့ပျော် အိုးနဲ့ပျော် အိမ်နဲ့ပျော် စီးပွါးရေးတွေနဲ့ ပျော်ပြီးတော့ မေ့မေ့လျော့လျော့နဲ့ ငါနေခဲ့တာတွေက ငါလမ်းလွဲခဲ့ပါလားဆိုပြီး ဆိုပြီးတော့ သေခါနီးမှ မျက်ရည်ပေါက်ကြီးငယ် မကျကြပါနဲ့။ ဘုန်းဘုန်း သတိပေးနေတာပါ။ ဒီဝိပဿနာတရားတွေ မကျင့်ခဲ့တဲ့သူတိုင်း သေခါနီးရင် ဒီလိုပဲဖြစ်မှာချည်းပဲ။ သေခါနီးမှ သတိရပြီး ဖြစ်မှဖြစ်ရလေတယ်ဆိုပြီး နောင်တရကြတာတွေ။ နောင်တဟာ နောင်မှမတကြရအောင်လို့ အခုဘုန်းဘုန်း ဆုံးမနေတာပါ။
ဘုန်းဘုန်း ယောဂီတွေကို နောက်တခု ဆုံးမချင်တာက တရားသမားဆိုတာ အရူးလွယ်အိတ်လို နေရပါတယ်။ အရူးတွေက တွေ့သမျှ ကိုယ့်အိတ်ထဲ အကုန်ကောက်ထည့်သလို တရားသမားကလည်း တွေ့တဲ့တရားနာယူမှတ်သားပြီး ကိုယ်လက်သင့်ခံတာယူပြီး လက်သင့်မခံနိုင်တဲ့ဟာ မယူပါနဲ့။ ထုတ်မသုံးပါနဲ့။ တရားနာရင်း တရားသဘော တစ်လုံးလောက် သဘောပေါက်လည်း မနည်းပါဘူး။ ဘယ်ဆရာတော်တရားပဲဖြစ်ဖြစ် နာကြပါ။ အရူးလွယ်အိတ်လို သင့်တာကို ယူပြီး မသင့်တာကို မယူနဲ့ပေါ့။ အရိယာတွေပေါ်မှာ ဝေဖန်စိတ်တွေရှိခဲ့ရင်လည်း မိမိတို့စိတ် မိမိတို့ကိုယ်တိုင် စမ်းစစ်ပြီး အကုသိုလ်ဖြစ်စေမည့် အကြောင်းတရားတွေပေါ်ကနေ လွတ်မြောက်အောင် နေကြပါလို့ ဘုန်းဘုန်းက မှာကြားလိုပါတယ်။
🖋️ ဝိဇ္ဇောဒယသဲအင်းဆရာတော်ဘုရားကြီးဦးသီရိဓမ္မ
📖 ထိုမှာဘက်ကမ်း…နိဗ္ဗာန်စခန်း
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image