◼ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းမိရေး ဆုကြေးငွေကို ကန်ဒေါ်လာ သန်း ၅၀ အထိ အမေရိကန်တိုးမြှင့်
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း နှင့် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်နေမှု စွပ်စွဲချက်များကြောင့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုအား ဖမ်းဆီးရမိရေး သတင်းပေးခြင်းအတွက် ဆုကြေးငွေကို ကန်ဒေါ်လာ သန်း ၅၀ အထိ နှစ်ဆ တိုးမြှင့်လိုက်ကြောင်း အမေရိကန်ရှေ့နေချုပ် ပမ်ဘွန်ဒီ က ယမန်နေ့တွင်ကြေညာခဲ့သည်။
Tren de Aragua နှင့် Sinaloa Cartel တို့ကဲ့သို့ ထင်ရှားသော ရာဇဝတ်ဂိုဏ်းများနှင့် မာဒူရိုက ပူးပေါင်းလုပ်ဆောင်နေကြောင်း ဘွန်ဒီ က လူမှုကွန်ရက် X ဗီဒီယိုပို့စ်တွင် စွပ်စွဲပြောကြားသည်။
အမေရိကန်တို့၏ ကြေညာချက်သည် ရယ်စရာအကောင်းဆုံး ဗန်းပြကြေညာချက် ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ဗန်ဂျီးလ် က တယ်လီဂရမ်လူမှုကွန်ရက် တွင် ပြောကြားသည်။
အမေရိကန်နိုင်ငံမှ ထွက်ပေါ်လာသော အကြမ်းဖက်အကြံအစည်များကို မိမိတို့က ချေဖျက်နေစဉ်မှာပင် ဗင်နီဇွဲလားမှ ရှုံးနိမ့်သွားသော လက်ယာစွန်းများကို အမေရိကန်ရှေ့နေချုပ်က နှစ်သိမ့်ရန် မီဒီယာဆပ်ကပ် နှင့် ထွက်ပေါ်လာခဲ့ကြောင်း ဗန်ဂျီးလ် က ဆက်ပြောခဲ့သည်။
“ ကျွန်တော်တို့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်က ရောင်းစားဖို့ မဟုတ်ပါဘူး။ ဒီရင့်သီးတဲ့ နိုင်ငံရေးဝါဒဖြန့် စစ်ဆင်ရေးကို ကျွန်တော်တို့ ပယ်ချပါတယ်။” ဟုဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး က ဆက်ပြောသည်။
မာဒူရိုအား မူးယစ်ဆေးဝါးကုန်ကူးမှုဖြင့် အမေရိကန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ချိန် ၂၀၂၀ ပြည့်နှစ်က ဆုကြေးငွေ ၁၅ သန်း ထုတ်ထားခဲ့သည်။
မာဒူရို တတိယသက်တမ်းစတင်ခဲ့သော ၂၀၂၅ ဇန်နဝါရီလတွင် ယင်းဆုကြေးကို ၂၅ သန်း အထိ တိုးမြှင့်ခဲ့ပြီး ထိပ်တန်းအရာရှိများကိုလည်း ပိတ်ဆို့တားဆီးမှုများ ချမှတ်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ဗင်နီဇွဲလားမှ Tren de Aragua နှင့် မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းအများအပြားအား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရား ဝင် ထုတ် ပြန်ကြေညာခဲ့သည်။
Cartel de Los Soles သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း ဇူလိုင်လတွင် အမေရိကန်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံထဲသို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းနေသော Cartel de Los Soles ဂိုဏ်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် မာဒူရိုက ဆယ်နှစ်ကျော် ရပ်တည်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ယမန်နေ့နှောင်းပိုင်း တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း