◼ အပစ်ရပ်စဲထားစဉ် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ မလေးရှားနိုင်ငံ၌ ဆွေးနွေးမှုစတင်
အိမ်နီးချင်း နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲ‌‌ရေး သဘောတူညီခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာ ထိလွယ်ရှလွယ် အပစ်ရပ်မှု ဆက်လက် တည်မြဲနေစဉ် မနက်ဖြန် ဝန်ကြီးဆွေးနွေးပွဲများ မတိုင်မီ ယနေ့တွင် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်ဘက်အရာရှိကြီးများကြား ကနဦးအဆင့် ဆွေးနွေးမှုများကို အာဆီယံဥက္ကဌ မလေးရှားနိုင်ငံတွင် ကျင်းပနေကြောင်း သိရသည်။
နယ်စပ်တွင် ငါးရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် အမေရိကန်တို့ ပါဝင်ကူညီခဲ့ပြီး တရုတ် က လေ့လာခဲ့သော ပြီးခဲ့သည့် တနင်္လာနေ့က မလေးရှားနိုင်ငံမှာပင် ကျင်းပသည့် အစည်းအဝေးတွင် နှစ်နိုင်ငံကြား အပစ်ရပ်ရန် ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။
နယ်စပ်အငြင်းပွားနေသော အိမ်နီးချင်း နှစ်နိုင်ငံကြား လက်နက်ကြီးများ ၊ တိုက်လေယာဉ်များပါ အသုံးပြုခဲ့သည့် ဆယ်နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများတွင် အနည်းဆုံးလူ ၄၃ ဦး သေ ဆုံးခဲ့ကာ နှစ်ဖက်စလုံးမှ အရပ်သား သုံးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများသည် အထွေထွေနယ်စပ်ကော်မတီ အစည်းအဝေးကျင်းပ၍ အ ပစ်အ ခတ်ရပ်စဲမှုအား ဆက်လက်ထိန်းသိမ်းရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးမှတာဝန်ရှိသူများက ပြောကြားသည်။
ကြာသပတေးနေ့တွင် ကျင်းပမည့်အစည်းအဝေးအား အမေရိကန်၊ တရုတ် နှင့် မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်လေ့လာကြမည်ဖြစ်သည်။
ဆွေးနွေးမှုများ ဆက်လုပ်နေသော်ငြားလည်း နှစ်ဖက်ကြား မယုံသင်္ကာမှုများ ဆက်ရှိနေကာ အငြင်း ပွားနေသောနယ်စပ်တစ်နေရာတွင် ထိုင်းနိုင်ငံက မြေတူးစက်ကြီးများအသုံးပြု၍ သံဆူးကြိုးများတပ်ဆင်နေပြီး အပစ် အခတ်ရပ်စဲမှုကို ချိုးဖောက်နေကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် စွပ်စွဲပြောကြားသည်။
ကြီးမားသောလှုပ်ရှားမှုများ မရှိဘဲ နှစ်ဖက်စလုံးက ၎င်းတို့၏စခန်းများကို ဆက်လက်ထိန်းသိမ်းထားကြကြောင်း ထိုင်းနိုင်ငံက ပြောကြားသည်။
သို့ရာတွင် ကမ္ဘောဒီးယားဘက် က ၎င်းတို့၏ စခန်းများကို ပိုမိုခိုင်မာတောင့်တင်းအောင်လုပ်ဆောင်ပြီး ဆုံးရှုံးသွားသည့်များနေရာတွင် အင်အား ဖြည့်တင်းနေသည်ဆိုသော သတင်းများကြားရကြောင်း ထိုင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ကောင်ဆီရီ က ပြောကြားသည်။
ထိုင်းဘက် က ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို လွှတ်ပေးရန်လည်း ကမ္ဘောဒီးယားက တောင်းဆိုထားသည်။
၎င်းစစ်သားများအား စစ်အကျဉ်းသားများအဖြစ် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း နှင့် အပစ်အခတ်ရပ်စဲထားချိန်မဟုတ်ဘဲ ပဋိပက္ခလုံးဝ အဆုံးသတ်သွားချိန်၌ ၎င်းတို့အား ပြန်လွှတ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်း က ထုတ်ပြန်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters/mi
#နိုင်ငံတကာသတင်း

image