14 ပတ် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း မှားယွင်းမှုဖြစ်ပွားပြီးနောက် အမှတ်စာရင်းထုတ်ပေးမှု ယာယီ ရပ်ဆိုင်း

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူတွေကို အမှတ်စာရင်းထုတ်ပေးရာမှာ အချက်အလက်လွှဲမှားမှုတွေဖြစ်ပွားခဲ့တာကြောင့် အမှတ်စာရင်း ထုတ်ပေးမှုကို ဒီနေ့ ဩဂုတ် ၄ ရက်ကစပြီး ပညာရေးဝန်ကြီးဌာနဘက်က ယာယီရပ်ဆိုင်းလိုက်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူအချို့က အမှတ်စာရင်းထုတ်ယူချိန်မှာ စာမေးပွဲကျရှုံးကြောင်းကို တွေ့ရှိခဲ့ရတာဖြစ်သလို အချို့ကျောင်းသားတွေမှာဆိုရင် ဇီဝဗေဒ BIO သိပ္ပံတွဲဘာသာရပ်နဲ့ဖြေဆိုထားသူက အမှတ်စာရင်းမှာ ဘောဂဗေဒ နဲ့ရေးသားထားတာမျိုးအထိ မှားယွင်းမှုတွေရှိနေတာဖြစ်တယ်လို့ အမှတ်စာရင်းမှားယွင်းတဲ့ ကျောင်းသားတွေက ပြောပါတယ်။
ယခုလိုအမှတ်စာရင်း ထုတ်ပေးမှုအပိုင်းမှာ အမှားယွင်းတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးတဲ့စနစ်မှားယွင်းမှုကြောင့်နေပြည်တော်စာစစ်ဌာနများရဲ့ အမှတ်စာရင်းအချို့မှာ မှားယွင်းသွားတဲ့အတွက် ဇူလိုင် ၃၀ ရက်နေ့ ၊ နေ့လယ် ၂ နာရီမတိုင်ခင်ထုတ်ယူခဲ့တဲ့အမှတ်စာရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်း အမှန်ကိုပြန်လည်ထုတ်ယူဖို့ အသိပေးခဲ့ပါတယ်။
အဲဒီနောက်မှာ တော့ အမှတ်စာရင်း ထုတ်ပေးမှုကိုယာယီရပ်ဆိုင်းကြောင်း ထပ်မံအသိပေးလာတာပဲဖြစ်ပါတယ်။
" အမှတ်စာရင်းထုတ်ပြီးသားတွေလည်း အသစ်ပြန်ထုတ်ဖို့ စာထွက်ထားတယ်။ကလေးတွေလည်း ဒုက္ခရောက်တာပေါ့။ပိုက်ဆံလည်းနှစ်ခါကုန်ရတဲ့အပြင်ကို အောင်ပြီးသားကနေ ကျမှာလား ဆိုပြီး စိတ္တဇတွေဖြစ်နေကြတယ်။အမှတ်စာရင်းမှားတာကတော့ တကယ်တမ်းကမဖြစ်သင့်ပါဘူး။မမှားသင့်တဲ့ကိစ္စကြီးလေ။သူတို့မှာ ဒီအလုပ်တာဝန်ယူတဲ့သူက သီးသန့်ရှိတာကို ။ဆာဗာမှားတယ်လွှဲချရအောင်လည်း စာရင်းသွင်းတာကိုမှားလို့ပေါ့။အမှတ်စာရင်းပဲမှားတာလား အောင်စာရင်းကပဲမှားတာလား အကုန်ပြန်စစ်ရမယ့်သဘောဖြစ်နေတယ်။ " လို့ G 12 ကျောင်းဆရာမတယောက်ကပြောပါတယ်။
အဲဒီနောက်မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို မိဘပြည်သူတွေနဲ့ စာဖြေသူ ကျောင်းသားကျောင်းသူ​ ​အတွက် စေတနာထားပြီး လျင်မြန် ချောမွေ့စွာ ထုတ်ပြန်နိုင်ရေး ကြိုးပမ်းခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာ စတင်ထုတ်ပေးခဲ့ကြောင်း ၊ ထုတ်ပေးပြီး ၄၅ မိနစ်အကြာမှာ အမှတ်စာရင်း ထုတ်ပေးမှုစနစ် ရဲ့ ဆာဗာ ချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများအတွင်း အမှတ်စာရင်း မှားယွင်းမှု အနည်းငယ် ဖြစ်ပေါ်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကဖြေရှင်းပြောကြားလာ ပါတယ်။
အဲဒါကြောင့် အမှတ်စာရင်းထုတ်ပေးမှု လုပ်ငန်းကို ခေတ္တရပ်ဆိုင်းပြီး လိုအပ်တဲ့ စစ်ဆေးပြင်ဆင်မှုကို ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မှားယွင်းမှုဖြစ်ပေါ်ခဲ့သော အမှတ်စာရင်းကို စိစစ်ပြီး ပြန်လည်ထုတ်ယူနိုင်ရေးကို ကြေညာခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဆာဗာစနစ်အတွင်း ထည့်သွင်းထားတဲ့ အချက်အလက်များကို စိစစ်နေ ပြီး လုပ်ငန်းများ ပြီးဆုံးပါက အမှတ်စာရင်းကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်ဆို ပညာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတားအနေနဲ့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

image
image
image