14 w - Translate

◼ မြန်မာ eSports အသင်း ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူး၊ ဆုကြေးဒေါ်လာ ငါးသိန်းကျော်ရ
မြန်မာ eSports အသင်းတစ်သင်းဖြစ်သည့် Yangon Galacticos သည် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပခဲ့သည့် PUBG Mobile World Cup(PMWC) ပြိုင်ပွဲ၌ ဗိုလ်စွဲကာ ဆုကြေးအမေရိကန်ဒေါ်လာ ငါးသိန်းကျော်ရရှိခဲ့ ကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ခံအဖွဲ့အစည်းများကထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။
ဆော်ဒီအာရေဗျ နိုင်ငံ ရီယာ့ဒ်မြို့၌ ဇူလိုင် ၂၅ရက်မှ သြဂုတ် ၃ရက်အထိ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ အဆင့် ပွဲစဉ်များ၌ မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်သည့် Yangon Galacticos အသင်းက ပွဲစဉ် ၁၈ပွဲကစားပြီး ရမှတ်စုစုပေါင်း ၁၅၇မှတ် ရရှိကာ ကမ္ဘာ့ချန်ပီယံဆုရရှိခြင်းဖြစ်သည်။
ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် Yangon Galacticos အသင်းသည် eSportsပြိုင်ပွဲများ၌ ကမ္ဘာ့ချန်ပီယံဆု ရယူနိုင် သည့် ပထမဆုံး မြန်မာ eSports အသင်းအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။စုစုပေါင်း ဆုကြေး အမေရိကန်ဒေါ်လာ သုံးသန်းကျော်ပေးအပ်သည့် PMWC ပြိုင်ပွဲတွင် Yangon Galacticos အသင်းက ချန်ပီယံဆုကြေး ဒေါ်လာငါးသိန်းနှင့် အုပ်စုအဆင့်ဆုကြေး ဒေါ်လာလေးသောင်းကျော် စုစုပေါင်း ကန်ဒေါ်လာ ၅၄၇,၀၀၀ ရရှိခဲ့ကြောင်းသိရသည်။
Yangon Galacticos အသင်းသည် ပြိုင်ပွဲတစ်လျှောက် ကနဦးအဆင့်များတွင်ရုန်းကန်ခဲ့ရပြီး စုစုပေါင်း ၂၄သင်း ပါဝင်သော အုပ်စုအဆင့်ပွဲစဉ်များ၌ အဆင့် ၁၁သာရရှိသဖြင့် Grand Final အဆင့်သို့တိုက်ရိုက် တက်ခွင့် လွဲချော်ကာ Survival stage ၌ ထပ်မံယှဉ်ပြိုင်ခဲ့ရသည်။
စုစုပေါင်း ၁၆ သင်းပါဝင်ပြီး ထိပ်ဆုံး ရှစ်သင်းသာ Grand Final တက်ရမည့် Survival stage တွင်လည်း Yangon Galacticos အသင်းက အဆင့်ကိုးထက် တစ်မှတ်အသာ အဆင့်ရှစ်သာရကာနောက်တစ်ဆင့် သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးအဆင့်ပွဲစဉ်များတွင်မူ လက်ရည်ပိုမိုတိုးတက်လာခဲ့ပြီး သုံးရက်ကြာပြိုင်ပွဲ၏ ဒုတိယ နေ့မှာပင် ချန်ပီယံ ဖြစ်နိုင်ချေရှိသည့် စွမ်းဆောင်ရည်များပြသခဲ့ကြောင်း နိုင်ငံတကာ esports ပြိုင်ပွဲများ ကို ကြီးကြပ်ပေးနေသည့် esportsworldcup အဖွဲ့အစည်းက သုံးသပ်ထားသည်။
Yangon Galacticos သည်ပြိုင်ပွဲနောက်ဆုံးနေ့တွင် တရုတ်နိုင်ငံမှ Weibo Gaming နှင့် မွန်ဂိုလီးယား နိုင်ငံမှ Alpha Gaming အသင်းတို့ကိုကျော်ဖြတ်ကာ အဆင့်တစ်တွင် ရပ်တည်ပြီး ချန်ပီယံဆုရယူနိုင် ခဲ့ခြင်းဖြစ်သည်။
YG Galacticos အသင်းမတိုင်မီ မြန်မာ eSports လောကတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်သည့် esports အသင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံအခြေစိုက် esports အသင်းတစ်သင်းဖြစ်သည့် Burmese Ghouls အသင်းသည် ၂၀၂၁ခုနှစ် က MLBB M2 ပြိုင်ပွဲ၌ ကမ္ဘာ့ချန်ပီယံဆုနှင့် နီးစပ်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရသည်။

image