ရုရှားအရှေ့ဖျားက မီးတောင်တလုံး နှစ် ၅၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ
မော်စကို၊ ဩဂုတ်-၄-၂၀၂၅
ရတီ
ရုရှားအရှေ့ဖျားဒေသရှိ မီးတောင်တလုံးဟာ နှစ်ပေါင်း ၅၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ငလျင်နဲ့ ဆက်စပ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကမ်ချက်ကာ ဒေသရှိ ခရက်ရှန်နင်နီကော့ဗ် မီးတောင်ဟာ တညတည်းမှာပင် မီးတောင်ပြာတွေကို မိုင် ၃.၇ အထိ မှုတ်ထုတ်ခဲ့ပြီး လူဦးရေအထူထပ်တဲ့နေရာတွေကို ခြိမ်းခြောက်မှုမရှိဘူးလို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
နာရီအနည်းငယ်အကြာမှာပဲ ရုရှားမှာ နောက်ထပ်ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ကျွန်းဆွယ်ရဲ့ နေရာသုံးခုမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရချ်တာစကေး ၈.၈ အဆင့်ရှိ ငလျင်ကြီးနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အဲဒီငလျင်ကြောင့် ပြင်သစ်ပိုလီနီးရှားနဲ့ ချီလီအထိ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
ရုရှားငလျင်ကျွမ်းကျင်သူတွေက ဗုဒ္ဓဟူးနေ့က ငလျင်အပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အားကောင်းတဲ့ ငလျင်ငယ်တွေ ထပ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီငလျင်ဟာ မှတ်တမ်းတင်ခဲ့တဲ့ အားအကောင်းဆုံးငလျင်တွေထဲက တခုဖြစ်ပြီး လူသန်းပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပါတယ်။
မနေ့က က ရချ်တာစကေး ၇.၀ အဆင့်ရှိ ငလျင်ဟာ Kuril ကျွန်းစုကို လှုပ်ခတ်ခဲ့ပြီး လှိုင်းအမြင့် ၁၈ စင်တီမီတာ (၇ လက်မ) အထိ ဖြစ်ပေါ်နိုင်တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လှိုင်းအမြင့်နည်းပေမယ့် ကမ်ချက်ကာ နေရာသုံးခုမှာနေထိုင်သူတွေအနေနဲ့ ကမ်းစပ်နဲ့ ဝေးဝေးမှာနေဖို့ တိုက်တွန်းထားပါတယ်။
မီးတောင်ပေါက်ကွဲမှုတုံ့ပြန်ရေးအဖွဲ့ရဲ့ အဆိုအရ ခရက်ရှန်နင်နီကောဗ် မီးတောင်ရဲ့ နောက်ဆုံးပေါက်ကွဲမှုမှတ်တမ်းဟာ ၁၅ ရာစုက ဖြစ်ပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုဟာ ရချ်တာစကေး ၈.၈ အဆင့်ငလျင်နဲ့ ဆက်စပ်နေနိုင်တယ်လို့ ပြောပါတယ်။
ကမ်ချက်ကာကျွန်းဆွယ်ဟာ ဝေးလံခေါင်သီပေမယ့် ပစိဖိတ်ငလျင်ကြောမှာ တည်ရှိပြီး ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ အများအပြားဖြစ်ပွားမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့ရလေ့ရှိပါတယ်။
Ref:BBC
