14 w - Translate

🍀📣ကွမ်းစိုက်တောင်သူများ ကြုံတွေ့ရလေ့ရှိသောကွမ်းရောဂါများအနက် ကွမ်းဆီစွန်း ရိုးမဲရောဂါနှင့် ဒေါင်းမြီးကွက်(ဒင်္ဂါးကွက်) ရောဂါမှာ အဖြစ်များဆုံးဖြစ်သည်။ ထို့ကြောင့် ရောဂါလက္ခဏာနှင့် ကာကွယ်နှိမ်နင်းများကို ကွမ်းစိုက်တောင်သူများ သိရှိစေရန် ဝေမျှလိုက်ပါတယ် ခင်ဗျာ။
🔰(၁) ကွမ်းဆီစွန်း၊ ရိုးမဲ၊ ဆစ်ပြုတ်ရောဂါ
🍀အရွက်ပေါ်တွင် အဝါရောင်ဆီစွန်းပြောက်၊ အကွက်အဖြစ် စတင်တွေ့ရသည်။ အနာကွက်ကျယ်ပြန့်လာ၍ ပုံသဏ္ဍာန်မမှန်သည့် အနာကွက်ကြီးဖြစ်လာပြီး အညိုရင့်ရောင်ပြောင်းကာ ခြောက်သွားသည်။ အညိုရောင်အနာကွက်ဘေးတွင် အဝါရောင်အရစ်ဖြင့် ဝိုင်းရံထားခြင်းသည် ဒေါင်းမြီးကွက် (ဒင်္ဂါးကွက်) ရောဂါနှင့် ခြားနားချက်ဖြစ်သည်။
🍀မိုးရာသီတွင် ရောဂါကူးစက်ပြန့်နှံ့မှု လျှင်မြန်၍ ပြင်းထန်လေ့ရှိသည်။ ကြာပါက အနာကွက် အလယ်သားကြွေကျ၍ အပေါက်ဖြစ်သွားသည်။ အဆစ်ကြားပိုင်းအရိုးပေါ်နှင့် အဆစ်နေရာတွင် အညိုရင့်ရောင် (သို့မဟုတ်) အနက်ရောင်အနာကွက်အဖြစ် တွေ့ရသဖြင့် ရိုးမဲဟုခေါ်သည်။ အဆစ်နေရာတွင်ဆွေး၍ အလွယ်တကူပြုတ်ထွက်သဖြင့် ဆစ်ပြုတ်ရောဂါဟုလည်းခေါ်သည်။ ရောဂါသည် အပင်ခြေသို့ရောက်ပါက တစ်ပင်လုံးရုတ်တရက် ညှိုးသေသွားနိုင်သည်။ နိုက်ထရိုဂျင်များသည့် ဓာတ်မြေသြဇာ သုံးပါက ပိုမိုဆိုးရွားလေ့ရှိသည်။
🔸ကာကွယ်နှိမ်နင်းနည်း
🍀ဈေးကွက်တင်ရန်အတွက် ကွမ်းရွက်များကို စီထပ်ရာတွင် ဆီစွန်းရောဂါရအရွက်များပါမသွားအောင် ဂရုတစိုက်ရွေးချယ်ဖယ်ရှားပါ။ ရောင်းတန်းဝင်အရွက်များခူးစဉ် ဆီစွန်းရောဂါရအရွက်များခူးခြင်းကို ရှောင်ပါ။ ရောဂါရအရွက်များကိုသီးခြားခူး၍ ခြံနှင့်ဝေးရာတွင် မြေနက်နက် (၃ပေ) တူးမြှုပ်ပါ။ 💦မိုးရာသီတွင် နိုက်ထရိုဂျင်များများကျွေးခြင်းမပြုရ။ ပိုတက်မြေသြဇာကို မကြာခဏကျွေးပါ။ အပင်ခြေရေမဝပ်အောင်ရေနုတ်စနစ် သေချာစွာပြုပြင်၍ ချက်ချင်းထုတ်ပေးပါ။ 🍀အပင်ပေါ်မှ ရေဖျန်းစနစ် အသုံးမပြုပါနှင့်။ မိုးများသည့်အရပ်တွင် တန်းကြားနှင့် ပင်ကြားကျဲကျဲထားပါ။ အလင်းရောင်ရအောင် အမိုးအကာများကို လှပ်ပေးပါ။
🔰(၂) ဒေါင်းမြီးကွက်(ဒင်္ဂါးကွက်) ရောဂါ
🍀မိုးရာသီတွင် ကျယ်ပြန့်စွာနှင့် ပြင်းထန်စွာကျလေ့ရှိသည်။ အရွက်ပေါ်တွင် အညိုရင့်ရောင်တစ်ရင့်၊ အညိုဖျော့ရောင်တစ်ရစ် ထပ်နေသည့် ဗဟိုတူစက်ဝိုင်းပုံ အနာကွက်အဖြစ် တွေ့ရသည်။ အနာကွက်မှာ ကြီးမားကျယ်ပြန့်ပြီး ၎င်းနေရာတစ်ဝိုက်တွင် ရိသွားသဖြင့် ⛔️ဈေးကွက်မဝင်တော့ပေ။
🔸ကာကွယ်နှိမ်နင်းနည်း
🍀မိုးရာသီတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ များများကျွေးမှုမှ ရှောင်ပါ။ ပိုတက်မြေသြဇာကို မကြာခဏကျွေးပါ။ ရောင်းတန်းဝင်အရွက်များခူးနေစဉ် ရောဂါရအရွက်များကိုပါ ခူးခြင်းအားရှောင်ပါ။ ရောဂါရအရွက်များကို သီးခြားခူး၍ ခြံနှင့်ဝေးရာတွင် မြေနက်နက် (၃ပေ) တူး၍ ချက်ချင်းမြှုပ်ပါ။ ရေမဝပ်အောင် ရေနုတ်စနစ်သေချာစွာပြုပြင်ထား၍ ရေဝပ်လျှင်ချက်ချင်းဖောက်ထုတ်ပါ။ အလင်းရောင်ရအောင် အမိုးအကာများကို လှပ်ပေးပါ။
🍀🍀🍀

image