14 ပတ် - ဘာသာပြန်ပါ။

ဖားကန့်မှာ ကြက်ဥတလုံး ၅၀၀၀ ကျပ်ပေးနေရပြီး အခြေခံစားသောက်ကုန် ပြတ်လပ်မှု ဆိုးရွားနေ
ဩဂုတ် ၂ ၊ ၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ၊ဖားကန့်ဒေသမှာ ကြက်ဥတလုံး ၅၀၀၀ ကျပ် ၊ ခရမ်းချဥ်သီးတလုံး ၅၀၀၀ ကျပ် အထိအဆမတန်မြင့်တက်လာမှုနဲ့အတူ ကုန်စိမ်း ၊အသားငါး ၊ ကုန်ခြောက် အများစု ပစ္စည်းပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ဗမာကြက်ဥက ၄၀၀၀ ရှိသလို ၅၀၀၀ ရှိတယ်။ရိုးရိုးကြက်ဥက ၁၀၀၀၀ ဖိုးဆို သုံးလုံးရတယ်။တလုံးဆို ၄၀၀၀ ပါ။ခရမ်းချဥ်သီးက တလုံးကို ၅၀၀၀ ပါ။အဲဒါသုံးလုံးကို ၂၅ သားရှိတဲ့အရွယ်အစားပါ။ဥနီက တလုံး ၁၀၀၀၀ ပါ။တဆယ်သားအရွယ်လောက်ပေါ့။ကုန်စျေးနူန်းကတော့ တနေ့ထက်တနေ့ပိုတက်တာကို ပစ္စည်းက ရှားလာပြီမရှိဘူး။ဒေသထွက်တာလောက်ပဲစျေးမတက်တယ်။ခုအတိုင်းသာဆက်သွားရင်အကုန်ငတ်တော့မယ်။" လို့ ဖားကန့်ဒေသခံကပြောပါတယ်။
ဆန် အပါအဝင် စားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ကုန်စိမ်း ၊ ကုန်ခြောက် ပစ္စည်းအများစုဟာ မြေပြင်အခြေအနေ မှာ ဝယ်ယူလို့ မရတော့ပေမယ့် ပစ္စည်းလက်ကျန်ရှိတဲ့အပေါ်လိုက်ပြီး စျေးကွက်က ဆက်တိုက်မြင့်တက်ရောင်းချနေကြတာဖြစ်ကြောင်း သိရပါတယ်။
ဆန်ဆိုင်တချို့ကလည်းဆန်တွေကို ထုတ်ရောင်းချပေးခြင်းမရှိဘဲ သိုလှောင်ထားခြင်း နဲ့ ဆန်ဆိုင်အများစုမှာ ဆန်ပြတ်လပ်နေပြီး ပြည်ကောက်ဝယ်ယူလို့ပင်မရတဲ့အခြေအနေဖြစ်လာနေတယ်လို့သိရပါတယ်။
လက်ရှိ အခြေခံလူတန်းစားအချို့နဲ့ စစ်ဘေးရှောင်သူအချို့မှာ ကုန်စျေးနူန်းအဆမတန်မြင့်တက်မှုကြောင့် အစားအသောက်ကို လျှော့ချပြီးစားနေကြရသလို ဟင်းအစားထိုးအဖြစ်လည်း ငှက်ပျောပင် ၊ပိန်းပင်တွေကို ချက်ပြုတ်စားသုံးနေကြရတာဖြစ် တယ်လို့ သိရပါတယ်။
"ကြက်သားဆို မမြင်တာကြာပြီ။အသားငါးစျေးကသိန်းချီရှိပြီး ပစ္စည်းလည်းမရှိပါဘူး။ပြတ်နေပြီ။ဒေသထွက်တဲ့ အသားငါးတောင် မတွေ့ရဘူး။ဆန်ဆိုလည်း တပြည်ကို ၈၅၀၀ ကနေ ၁၀၀၀၀ ရှိတယ်။ဒါကိုဆိုင်တိုင်းမရဘူး။ပြတ်နေပြီ။အခုအခြေခံလူတန်းစားတွေနဲ့စစ်ရှောင်အများစုက ထမင်းပဲအဓိကပေါ့ ကျန်တာက ဒေသရှိတာနဲ့ပဲချက်စားရတော့ ပိန်းနဲ့ငှက်ပျောတောင်သိပ်ရှာမရဘူးဖြစ်နေတယ်။ဒီတိုင်းဆက်သွားရင်မလွယ်ဘူး။" လို့ ဖားကန့် ၊လုံးခင်း ဒေသခံကပြောပါတယ်။
ဖားကန့်ဒေသမှာ ခုလို ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်လာတာဟာ ဖားကန့်ကို ဝင်ရောက်နိုင်တဲ့ မိုးကောင်း - ကားမိုင်း - ဖားကန့် လမ်းနဲ့ အင်းတော် - ဝှေခါ လမ်းပိုင်းနှစ်ခုကိုပြီး ပိတ်ထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။
ယခုအတိုင်းသာ ဖားကန့်ကိုဝင်ရောက်နိုင်တဲ့လမ်းပိုင်းကို ဆက်လက်ပိတ်ထားပြီး ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားပါက ဖားကန့်ဒေသရှိ ပြည်သူတွေ အငတ်ဘေးကို ရင်ဆိုင်နိုင်ရဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
" အားလုံးနီးပါးပြတ်လပ်နေကြပါပြီ။ဆန်က နည်းနည်းကျန်မယ်။ အသားခြောက်တွေကုန်ပြီ။ ဟင်းစိမ်းကဒေသထွက်မလောက်မငှ ပဲရှိတော့တယ်။ နောက်တပတ်လောက်ဆို အကုန်ငတ်လောက်ပြီ။ပစ္စည်းကမရှိပဲ စျေးတွေကအဆမတန်မြင့်နေတာ။ "လို့ ဖားကန့် ဒေသခံနောက်တယောက်ကပြောပါတယ်။
စားသောက်ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်ခြင်းကြောင့် ဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင်း ကဒေသခံတွေအပြင် အဆိုပါမှော်ဒေသကိုမှီခိုပြီး ဝယ်ယူစားသောက်နေတဲ့ ဒေသခံတွေ အားလုံး အခက်ကြုံနေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဖားကန့်မှာဖြစ်ပွားနေတဲ့ KIA နဲ့ နစကတပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ဖားကန့်ဒေသ ကို ကုန်စည်စီးဆင်းမှုဖြတ်တောက်ထားတဲ့အခြေအနေမျိုးဖြစ်ပြီး လတ်တလော ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။
ဖားကန့်ပြည်သူတွေဟာ လက်ရှိမှာ စစ်ရေးအပြင် စားသောက်ကုန်စျေးနူန်း အဆမဆန်မြင့်တက်မှုနဲ့ ကုန်စည်ပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် ပိတ်ထားတဲ့ ဖားကန့်ကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းနှစ်ခုကို ပြန်လည်ဖွင့်ပေးပြီး ကုန်စည်သယ်ယူခွင့်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ - U Zaw Moe

image
image
image