1 w - Translate

ပဲခူးက ကျောင်းသား ၁၇ ယောက်ကို အဓမ္မကျင့်လိင်တူဆက်ဆံတဲ့ကျောင်းဆရာနဲ့ ၇ တန်းကျောင်းသားကို သတ်ခဲ့တဲ့တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ် သေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်
ဩဂုတ် ၁ ၊ ၂၀၂၅
GG (VOM)
ပဲခူးတိုင်း ပဲခူးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ၇ တန်းကလေးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲဲ့တဲ့တရားခံတွေနဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မကျင့် လိင်တူဆက်ဆံခဲ့တဲ့ ကျောင်းဆရာတို့ကို သေဒဏ်အပြင် ၊ အလုပ်ကြမ်းနဲ့နှစ်ရှည်ထောင်ဒဏ်အသီးသီးကို ကျခံစေဖို့ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
အမှုအလိုက် ပြစ်ဒဏ်ချမှတ်မှုအနေနဲ့ကတော့
ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ အဓမ္မကျင့်ပြီး လိင်တူဆက်ဆံခဲ့တဲ့ ကျောင်းဆရာကို ထောင်ဒဏ်အနှစ် ၄၀ ကျခံစေဖို့ ဇူလိုင် ၃၁ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
​နောက်အမှုက​တော့ ပဲခူးမြို့ ၊မဇင်းရပ်ကွက် ၊ မဟာစေတီ ၃ မှာနေထိုင်တဲ့ ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းကို သတ်ဖြတ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုတော့ မသေမချင်းကြိုးကွင်းစွပ်သတ်စေ သေဒဏ်အပြင် အလုပ်နဲ့ထောင်အနှစ် ၂၀ ကျခံစေဖို့ ပဲခူးခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
" ဒီလိုကောင်တွေက သေဒဏ်ပေးသင့်တဲ့သူတွေပါ။ ကျောင်းဆရာကို နှစ် ၄၀ ချတာ နည်းတယ်။လူမသေလို့ သေဒဏ်မပေးတဲ့ပုံတွေ့ရတယ်။ ဒီလိုအကျင့်စာရိတ္တပျက်ပြားပြီး ကလေးတွေအပေါ် လိင်အမြတ်ထုတ်တဲ့လူမျိုးက လောကကြီးမှာရှိနေလည်း အပိုပဲရှိတယ်။ လွတ်ငြိမ်းနဲ့ထွက်လာရင် နောက်ထပ်လူတွေထပ်ဒုက္ခရောက်မှာ။သေဒဏ်ပဲချရမှာ။" လို့ ပဲခူးမြို့ခံကပြောပါတယ်။
ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ အဓမ္မကျင့်ပြီး လိင်တူဆက်ဆံခဲ့တဲ့ ဖြစ်စဥ်ကတော့ ၂၀၂၄ နှစ်ကုန်ပိုင်းကနေ ဇန်နဝါရီလအတွင်း ပဲခူးမြို့နယ် မုက္ကလကျေးရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားတွေကို မုက္ကလရွာ အလက(ခွဲ) ကျောင်းဆရာသက်ဇော်အောင်က အဓမ္မကျင့် လိင်တူဆက်ဆံခဲ့တာဖြစ်ပါတယ်။ အမှုကို ခုနှစ်လ အကြာမှာ အမိန့်ချမှတ်နိုင်ခဲ့ တာဖြစ်တယ်လို့သိရပါတယ်။
အလားတူ ၇ တန်းကျောင်းကျောင်းသား မောင်သက်နိုင်မင်း ကို သတ်ပြီးအလောင်းစွန့်ပစ်တဲ့ ဖြစ်စဥ်ကလည်း မေလက ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံတွေထဲက နိုင်အောင်ဖြိုးဆိုသူကတော့ အမှုရင်ဆိုင်စဥ်ကာလမှာပဲ ဝမ်းရောဂါနဲ့ သေဆုံးသွားပါတယ်။ဒါကြောင့် ကျန်ရှိ တရားခံ အောင်ကျော်ဇော်နဲ့ အောင်ဟိန်းကို အမိန့်ချမှတ်ခဲ့တာဖြစ််လို့သိရပါတယ်။
တရားခံတွေက အသက် ၁၄ နှစ်အရွယ် မောင်သက်နိုင်မင်းကို လိမ်ညာခေါ်ယူပြီးနောက် လက်ပြန်ကြိုးတုပ်ချည် သတ်ဖြတ်ကာ ဦးခေါင်းကို အိတ်စွပ်ပြီး အလောင်းကို စွန့်ပစ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ပဲခူးတိုင်း ၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာလည်း အသက် ၅ နှစ်အရွယ်ကလေးမလေးကို မွေးစားပြီး အသက်သေစေတဲ့အထိ ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို ထောင်ဒဏ်တသက်လွတ်ရက်မရှိကျခံစေဖို့အပြင် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ်ပါသီးခြားကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက ဇွန် ၂၇ ရက်မှာ အမိန့်ချမှတ်မှုရှိခဲ့ပါတယ်။
အလားတူ တောင်ငူမြို့နယ်၊ ကျွန်းကုန်းရွာက ကိုးတန်းကျောင်းသူလေး ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုလည်း တောင်ငူခရိုင်တရားရုံးက မေလ ၂၂ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄ အရ သေဒဏ် မသေမချင်းကြိုးကွင်းစွတ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image