အကူအညီစောင့်နေတဲ့ ပါလက်စတိုင်း ၃၀ ကျော် အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် သေဆုံး၊ ၃၀၀ နီးပါး ဒဏ်ရာရ
ဂါဇာစီးတီး၊ ဇူလိုင်-၃၁-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးစစ်တပ် ပစ်ခတ်မှုကြောင့် ဂါဇာမြောက်ပိုင်းမှာ လူသားချင်းစာနာရေးအကူအညီစောင့်နေသူ ပါလက်စတိုင်း ၃၀ ကျော်သေဆုံးသွားတယ်လို့ ဂါဇာကျန်မာရေး အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးတပ်က ပစ်ခတ်လိုက်တာကြောင့် လူ ၃၀၀ နီးပါးဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။ အစ္စရေးကတော့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲလို့ပြောပါတယ်။
Zikim ဖြတ်ကျော်ရေးနေရာရဲ့တောင်ဘက် ၃ ကီလိုမီတာအကွာမှာ ဒေသခံတွေက အကူအညီမော်တော်ယာဉ်တွေပတ်လည်မှာ စုဝေးနေတာလို့ သတိပေးပစ်ခတ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူအသေအပျောက်ကိုတော့ မသိဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နောက်ပိုင်းမှာ ဆေးရုံကိုအလောင်း ၃၅ လောင်းရောက်လာတယ်လို့ အယ်လ်ဖာရှာဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ အေပီသတင်းဌာနကတော့ ပါလက်စတိုင်း ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့တွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ သံသယရှိစုဝေးမှုတခုကို ဖြန့်ဖြူးရေးစင်တာနဲ့မီတာ ၁၀၀ အကွာကနေ သတိပေးပစ်ခတ်မှုလုပ်ခဲ့ပြီး ကနဦးသုံးသပ်ချက်အရ သတင်းထွက်နေတဲ့သေဆုံးသူအရေအတွက်နဲ့ အစ္စရေးစစ်တပ် လက်ထဲကအချက်အလက်တွေမကိုက်ညီဘူးလို့ဆိုပါတယ်။
တခြားဖြစ်စဉ်အနေနဲ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ဂါဇာ ရာဖာဒေသရှိ GHF အကူအညီဖြန့်ဖြူးရေးစင်တာအနီးမှာ ပါလက်စတိုင်းသား ခြောက်ယောက် သေဆုံးပါတယ်။ မေလနှောင်းပိုင်းကစပြီး အစားအသောက်အကူအညီရယူဖို့ကြိုးစားနေတဲ့ ပါလက်စတိုင်း ၁၀၀၀ ကျော်ဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လု့အခွင့်အရေးရုံးက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ အစ္စရေး-ဟားမတ်စ် စစ်စဖြစ်ကတည်းက အာဟာရချို့တဲ့မှုကြောင့် ကလေး ၈၉ ယောက်အပါအဝင် လူ ၁၅၀ ကျော်သေဆုံးခဲ့ပြီလို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ ဂါဇာထဲကို အကူအညီဝင်ရောက်မှုကို ကန့်သတ်ထားတာ မဟုတ်ဘူးလို့ အစ္စရေးက ပြောဆိုထားပြီး ဒီပြောဆိုချက်ကို ဥရောပနိုင်ငံတချို့နဲ့ ကုလသမဂ္ဂကလက်မခံပါဘူး။
Ref:BBC
Photo:Reuters

image