1 ပတ် - ဘာသာပြန်ပါ။

ရေကြီးနေသည့် မြို့နယ်အများစု ရေပြန်ကျသော်လည်း ဘားအံတွင် ရေဆက်တိုး
။ ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း မြစ်ရေတိုးပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြို့နယ်အများစုတွင် ရေပြန်ကျသော်လည်း ဘားအံမြို့နယ်တွင်မူ ရေဆက်တိုးနေပြီး ရေဆက်လက် တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သတိပေးသည်။

ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲတိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်​ရေမှတ်အထက် နှစ်ပေခန့်၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ငါးပေကျော်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အထက် တပေခွဲကျော်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တခွင် စိုးရိမ်ရေမှတ်အထက် သုံးပေခွဲကျော်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ခြောက်ပေခန့် အသီးသီး အထိ ကျော်လွန်နေသည်။

လာမည့် ၂၄ နာရီအတွင်း တောင်ငူ၊ မဒေါက်၊ ရွှေကျင်မြို့တို့တွင် မြစ်ရေများ အနည်းငယ်စီ ပြန်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဘီးလင်းနှင့် မြဝတီတို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အောက်အထိလည်းကောင်း ပြန်ကျဆင်းနိုင်သော် လည်း ဘားအံတွင်မူ ရေ နှစ်လက်မခန့် ဆက်မြင့်တက်လာနိုင်သည်ဟု မိုးဇလက ဆိုသည်။

လက်ရှိ အဆိုပါ မြို့နယ်များတွင် ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ နှင့်အထက် ရှိနေကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ​၏ စာရင်းပြုစုချက်အရ သိရသည်။

မြစ်ရေများ ပြန်ကျဆင်းလာပြီး မိုးရွာမှုများ ရပ်တန့်သွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူအများစု နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ ယာယီကယ်ဆယ်ရေးစခန်းများနှင့် အမြင့်ပိုင်းဒေသများတွင် နေထိုင်နေကြရပြီး သောက်ရေ၊ အစားအသောက် အကူ အညီများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း လူမှုကူညီရေးအသင်းများက ပြောသည်။

" လိုတာတော့ တော်တော်လိုအပ်နေပါသေးတယ်။ တခြားလိုအပ်တာတွေ ရှိပေမယ့် အသိသာဆုံးကတော့ ရေနဲ့ အစားအသောက်ပေါ့" ဟု ဘားအံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောသည်။

ဘားအံတွင် ဆက်လက်ရေကြီးနိုင်ခြင်းနှင့်အတူ သထုံ- ဘားအံ ကားလမ်းပိုင်း၊ မော်လမြိုင်- ဘားအံ ကားလမ်းပိုင်း (အဖြောင့်လမ်းပိုင်း) တို့ပေါ်ထိ ရေလျှံမှုများကြောင့် ယာဉ်အသေးများ သွားလာ၍ မရတော့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မိုးဇလက ထုတ်ပြန်ထားသည့် မြို့များအပြင် မွန်ပြည်နယ် သထုံမြို့နယ်၊ ပဲခူးတိုင်း မုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ လှိုင်းဘွဲ့၊ ကော့ကရိတ်တို့တွင် မြစ်၊ ချောင်းရေလျှံမှုများကြောင့် ရေကြီး မှုများ ဖြစ်ပေါ်လျက်ရှိသည်။

image