ရန်ကုန်ဟာ အထီးကျန်နေတဲ့မြို့ပဲ
ရန်ကုန်မှာ ဘယ်သူရှိ
ရန်ကုန်မှာ ဘယ်သူမှမရှိဘူး
တခြားမြို့တွေက သူ့ဘက်ကဆိုပြီး
လက်,မထောင်ကြဘူး ။
ရန်ကုန်ဟာ တစ်မြို့တည်းသမား
ရန်ကုန်မှာ လူတွေ တွေ့ဆုံကြ
ရန်ကုန်မှာ လူတွေ ခွဲခွာကြ
လူတွေက ရန်ကုန်ကို မုန်းတယ် ။
လက်ညှိုးထိုးစရာမရှိရင်
ဒီမြို့ကြောင့် လို့ လူတွေက ပြောကြတယ် ။
လူတွေက လမ်းကူးရင်း
ရန်ကုန်အကြောင်း တီးတိုးပြောကြတယ် ။
ဘတ်စ်ကားတွေစီးရင်း
ရန်ကုန်ဟာ သိပ်ကျဉ်းကျပ်စရာကောင်းကြောင်း
ပြောကြတယ် ။
နွေပူရင် ရန်ကုန်ဟာ ပူလိုက်တာလို့ ပြောကြတယ် ။ တကယ်က လူတွေများလာတာ
ရန်ကုန် အပြစ်မဟုတ်ဘူး ။
အပြင်ရှိ နွေပူတာဟာ ရန်ကုန်လုပ်တာမဟုတ်ဘူး
လမ်းခွဲပြတ်စဲကြခြင်းဟာ ရန်ကုန်နဲ့မဆိုင်ဘူး ။
ရန်ကုန်ကြောင့် မဟုတ်လည်း
ရန်ကုန်ရဲ့အပြစ်တွေက တစ်နေ့တခြား များများလာတယ် ။ ဒါတွေကို ရန်ကုန်က သိတယ် ။
သူ့အတင်းတွေ ပြောတိုင်း
သူက နားနဲ့ ဆက်ဆက်ပြန်ကြားတယ် ။
ဒါပေမဲ့ ရန်ကုန်က ဘာမှမပြောဘူး ။
ရန်ကုန်က စိတ်ပျက်စရာလို့ ပြန်ကြားတိုင်း
ရန်ကုန်ဟာ မငိုဘူး ။
ကမ္ဘာကြီး ယိုယွင်းပျက်စီးလာတာနဲ့အမျှ
ရန်ကုန်က ငြိမ်ငြိမ်လေးပဲ နေတယ် ။
ရန်ကုန်မှာ လူတွေ ညံပေမဲ့
ရန်ကုန်ကိုယ်တိုင်က တိတ်ဆိတ်တယ် ။
သူ့ဒဏ်ရာကို သူပဲသိတယ် ။
ဝန်များတဲ့မြို့က ဝန်ပိုလေးတယ် ။
လူတွေက ရန်ကုန်ကို
လမ်းကြမ်း သူတို့ ထမ်းရတယ်ထင်နေတာ
တကယ်တော့ ရန်ကုန်က သူတို့ကို ပြန်ထမ်းထားတာ ။
ရန်ကုန်ဟာ ဘယ်တုန်းကမှမငိုခဲ့ဘူး ။
နေ့ရောက်ရင် သူ့ကိုပြောတဲ့အတင်းတွေ ၊
တီးတိုးစကားတွေ ကြားရတာတောင်
ရန်ကုန်က ဘာမှမဖြစ်ဘူး ။
ညရောက်ရင်ကျ အမှောင်ကို တိတ်တိတ်ကလေးခြုံရင်း ရန်ကုန်က ငြိမ်သက်တယ် ။
ရန်ကုန်က သူ့မှာဒဏ်ရာတွေများကြောင်းပြောပြဖို့
သူ့ဘက်မှာ ဘယ်မြို့မှမရှိခဲ့
ရန်ကုန်ကို ဝမ်းနည်းလား မေးတိုင်း
ရန်ကုန်က သူမငိုဘူးပဲ ဖြေတယ် ။
#မြစ်
