နစက ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ၊ ကာလုံအစည်းအဝေး ယနေ့ကျင်းပနေ
ဇူလိုင် ၃၁ - ၂၀၂၅
SN (VOM)
နိုင်ငံရေး အပြောင်းအလဲ လေးနှစ်ခွဲ ကာလအတွင်း အခက်ပေါင်းစုံ ကျော်လွှားနိုင်မှုအတွက် နစက က ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကို မနေ့ ဇူလိုင် ၃၀ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ခွဲ ကာလအတွင်း လုပ်ငန်း အရပ်ရပ် အားလုံးကို အခက်အခဲပေါင်းစုံမှ ရင်ဆိုင်ကျော်လွှားပြီး လက်ရှိ အခြေအနေမျိုးအထိ အောင်မြင်စွာ ကျော်ဖြတ်လာခဲ့ပြီ ဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့ နစက ဥက္ကဋ္ဌက အဲဒီ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
နောင်ကာလမှာ ဆက်လျှောက်ရမယ့် ခရီးစဉ်တွေကိုလည်း အောင်အောင်မြင်မြင် ဖြစ်အောင် ၀ိုင်းဝန်း ကူညီပေးကြစေလိုပြီး ဆက်လျှောက်ရမယ့် ခရီး၊ နိုင်ငံတော်ရဲ့ ရှေ့ခရီးဟာ အများကြီး ကျန်သေးတယ်လို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။
“ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်။ ပထမ စာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ။ ဒုတိယစာမျက်နှာကို အစနဲ့ ကျွန်တော်တို့ သွားတာပေါ့။ ဒုတိယ စာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေး လှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အားလုံးပဲ အစစအရာရာ အောင်မြင် တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေ အားလုံးဟာ NLD ကြောင့်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းရကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
မဲစာရင်း မှားယွင်းမှုတွေအတွက် တာဝန်ရှိသူတွေကို စိစစ်အရေးယူ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ထံကို အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့ပေမယ့်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော် တာဝန်ထမ်းတွေ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် NLD ပါတီက ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီ ဒုတိယအစိုးရအဖြစ် ဆောင်ရွက်ခဲ့ရာမှာလည်း ပြည်သူလူထုက ၎င်းတို့အပေါ် များစွာ မျှော်လင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စီမံခန့်ခွဲမှု အတွေ့အကြုံ အားနည်းမှုတွေအပြင် ပြီးခဲ့တဲ့ အစိုးရရဲ့ လုပ် ဆောင်မှုတွေကို အတိုက်အခံ ဆောင်ရွက်မှုတွေကြောင့် စီးပွားရေးအရ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
စတင်တာဝန်ယူစဉ် ၂၀၁၅ - ၂၀၁၆ ခုနှစ်ကာလအတွင်း ပြည်ပအကူအညီများစွာ ရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေး ကောင်းမွန်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံတွေက အထောက်အပံ့တွေနဲ့သာ စီးပွားရေး လည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေး အားပေးမှုမရှိခြင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေ မရှိခြင်း၊ နိုင်ငံခြားသား အကြံပေးတွေရဲ့ အကြံဉာဏ်တွေအတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ရတယ်လို့ နစကဥက္ကဋ္ဌ ပြောပါတယ်။
အဲဒီလို စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ပြည်သူလူထုက NLD အပေါ် အယုံအကြည် အားနည်းလာတဲ့အတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိနိုင်ဖို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် မဲမသမာမှုတွေ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ သုံးသပ်ရကြောင်း နစကဥက္ကဋ္ဌက အဆိုပါ အခမ်းအနားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ယင်း အခမ်းအနားဟာ ဂုဏ်ပြုပွဲ ဖြစ်ပေမယ့်လည်း နှုတ်ဆက်စကားကိုပါ ပြောကြားသွားခြင်း ဖြစ်တဲ့အတွက် မည်သို့သော အပြောင်းအလဲတွေ ဖြစ်ပေါ်လာမည်လဲ ဆိုတာကို အခမ်းအနား တက်ရောက်ကြသူတွေ အပါအဝင် ပြည်သူတရပ်လုံးက စိတ်ဝင်စားလျက် ရှိကြပါတယ်။
ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသူ တယောက်က “အဖွဲ့သစ် လူလျော့မယ် ကြားရတယ်။
policy တော့ ပြောင်းပုံ မရဘူး။ ကာချုပ်ပဲ ဦးဆောင်မှာဆိုတော့ အရမ်းထူးမယ် မထင်ဘူး” လို့ သုံးသပ် ပြောဆိုပါတယ်။
ဒါအပြင် ဒီကနေ့ ထွက်ပေါ်လာမယ့် ကာလုံအစည်းအဝေး သတင်းကိုလည်း စောင့်မျှော်နေကြသူတွေက ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာ နိုင်တယ်လို့ ယူဆနေကြပါတယ်။
“ဒီကနေ့ အစည်းအဝေးကို ယာယီသမ္မတ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီးတွေလည်း ပါဝင် တက်ရောက်နေပါတယ်။ ဒီကာလုံအစည်းအ၀ေးက အရေးပေါ်ကာလကို သက်တမ်း ဆက်မတိုးတော့မယ့် အစည်းအဝေး ဖြစ်နိုင်တယ်” လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
မနေ့ ဇူလိုင် ၃၀ ရက်က ပြုလုပ်တဲ့ နစကရဲ့ ဂုဏ်ပြုတွေ့ဆုံပွဲအရ ဒီကနေ့မှာ ပြုလုပ်မယ့် ကာလုံအစည်းအဝေးမှာ နစကအနေနဲ့ သက်တမ်းတိုး၊ မတိုးနဲ့ နစကအစား အမည်သစ်တခု ပြောင်းမှာလား ဆိုတာကို ပြည်သူအားလုံးက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါတယ်။
Photo - CJ
