1 w - Translate

ဆယ်ကျော်သက်များကို အွန်လိုင်းမှအန္တရာယ်ရှိစေနိုင်သည့် ပြဿနာများမှ ကာကွယ်ရန် လူမှုမီဒီယာဆိုင်ရာဥပဒေအား ဩစတြေးလျနိုင်ငံက ပြင်ဆင်လိုက်ရာ အသက် ၁၆ နှစ်အောက် ကလေးများ YouTube အသုံးပြုခွင့်ရတော့မည်မဟုတ်ပေ။

"အသက် ၁၆ နှစ်အောက် လူငယ်တွေ YouTube မှာ အကောင့်ဖွင့်နိုင်တော့မှာ မဟုတ်ပါဘူး" ဟု ဇူလိုင် ၃၀ရက်တွင် ဝန်ကြီးချုပ် အန်သနီ အယ်လ်ဘာနီစ်က ကြေညာခဲ့သည်။

Google ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet ကုမ္ပဏီပိုင် YouTube သည် စာသင်ကြားသည့် ဆရာများကြားတွင် ရေပန်းစားမှုကြောင့် ဩစတြေးလျတွင် ယခင်က ပိတ်ပင်တားမြစ်မှုမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။

ယမန်နှစ်မှစ၍ ဩစတြေးလျသည် ဆယ်ကျော်သက်များအတွက် လူမှုမီဒီယာများပိတ်ပင်မှုကို အဆိုပြုခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။ ယင်းကဲ့သို့ ပိတ်ပင်ခြင်းကို Meta ၏ Facebook နှင့် Instagram၊ Snapchat နှင့် TikTok တို့က ကန့်ကွက်ခဲ့ကြသည်။

အသက်မပြည့်သေးသူ ၃၇ ရာခိုင်နှုန်းက အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာများကို ဖော်ပြနေကြောင်း ဩစတြေးလျနိုင်ငံ၏ အင်တာနက် ထိန်းချုပ်ရေးအဖွဲ့က စစ်တမ်းတစ်ခုကို ထုတ်ပြန်ပြီးနောက် အသက် ၁၆ နှစ်အောက်များအတွက် YouTube အသုံးပြုခြင်းကို တားမြစ်လိုက်ခြင်းဖြစ်သည်။

"လူမှုမီဒီယာ ပလက်ဖောင်းတွေက ကလေးတွေကို ဘယ်သူလဲဆိုတာ အကဲမဖြတ်ခင် ကလေးတွေအနေနဲ့ သူတို့ဘယ်သူလဲဆိုတာ သိစေချင်ပါတယ်" ဟု ဆက်သွယ်ရေးဝန်ကြီး အန်နီကာ ဝဲလ်စ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောသည်။

"လူမှုမီဒီယာအတွက် နေရာတစ်ခုရှိပေမယ့် ကလေးတွေကို ပစ်မှတ်ထားတဲ့ အနိုင်ကျင့်တဲ့ သူတွေအတွက်တော့ နေရာမရှိပါဘူး" ဟုလည်း ၎င်းက ပြောသည်။

YouTube ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ "အွန်လိုင်းပေါ်က အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းပြီး လျှော့ချဖို့ အစိုးရရဲ့ ရည်မှန်းချက်ကို နားလည်ပါတယ် YouTube ရဲ့ရည်မှန်းချက်က ရုပ်သံဖန်သားပြင်တွေပေါ်မှာ ပိုမိုကြည့်ရှုလာကြတဲ့ အခမဲ့ အရည်အသွေးမြင့် အကြောင်းအရာတွေကို စုစည်းဖော်ပြတဲ့ ဗီဒီယိုကို တင်ပေးတဲ့ ပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ် လူမှုမီဒီယာမဟုတ်ပါဘူး" ဟု တုံ့ပြန်ထားသည်။

ကြည့်ရှုသူများက ရှာဖွေရာတွင် ပေါ်လာသည့် အကြောင်းအရာများအတွက် YouTube က သက်ဆိုင်ရာ သတင်းလုပ်ငန်းများကို အခကြေးငွေပေးရန် ဩစတြေးလျက ၂၀၂၁ ခုနှစ်တွင် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေကို တုံ့ပြန်သည့်အနေဖြင့် Alphabet ကုမ္ပဏီက ဩစတြေးလျက Google ၏ ဝန်ဆောင်မှုအချို့ကို ရပ်ဆိုင်းမည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့ဖူးရာ အစိုးရ၏ ယခုဆုံးဖြတ်ချက်သည် ကုမ္ပဏီနှင့် နောက်ထပ် အငြင်းပွားစရာ အကြောင်းအရာတစ်ခု ဖြစ်လာနိုင်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဩစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးများအတွက် လူမှုမီဒီယာပိတ်ပင်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ အဆိုပါဥပဒေသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် အသက်ဝင်မည်ဟု သတ်မှတ်ထားသည်။

လူမှုမီဒီယာကုမ္ပဏီကြီးများအနေဖြင့် ကန့်သတ်ချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ပါက ဩစတြေးလျဒေါ်လာ ၄၉.၅ သန်း (ယူရို ၂၇ သန်း) အထိ ဒဏ်ငွေများ ရင်ဆိုင်ရမည်ဖြစ်သည်။

image