ကိလေသာဆိုတာ အာရုံနဲ့ တွေ့ရင် ထကြွတော့တာပဲ။ မထကြွအောင် သတိဆိုတဲ့ ရှု့မှတ်မှုက မပြတ်တရစပ် ရှိနေနိုင်မှ တော်ကာကျမှာ…။ အချို့များ သတ္တိကောင်းလိုက်ကြတာ မိုးရွာရင် ရွာပြန်ပြီ။ နေပူရင် ပူပြန်ပြီနဲ့။ ရန်ဖြစ်နေလိုက်ကြတာ။
အဲဒီ သတိဟာ ကောင်းတဲ့သတိ မဟုတ်ဘူး။ အပါယ်ကျမယ့် သတိ။ အဲဒါဟာ သဘာဝတရားတွေပဲ။ ကိုယ့်စိတ်မှာ ဘာဖြစ်နေတယ်ဆိုတာ သိနေရမယ်။ သတိလွတ်တာနဲ့ အလိုမကျတဲ့ ဒေါသ ဖြစ်ရော။ တစ်ချို့သူတွေက တရားအားထုတ်ဖို့ ပြောရင် နေ့ရွှေ့ ညရွှေ့နဲ့ ဆင်ခြေတွေ ပေးကြတယ်။
ကွမ်းကြိုက်တဲ့ သူဟာ မအားတဲ့ကြားက ကွမ်းတစ်ယာ စားသလို၊ ဆေးလိပ်ကြိုက်သူကလည်း မအားတဲ့ကြားကဆေးလိပ်တစ်ဖွာ ပြေးဖွာကြတယ်။ ချမ်းသာချင်ရင် တရားကိုလည်း မအားတဲ့ကြားက အချိန်လုပြီး အားထုတ်ရတယ်။
တစ်နေ့ နိုင်ငံခြားသား ဒကာတစ်ဦး ရွှေဥမင်တရားစခန်းမှာ တရားဝင်ရင်း လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် လေးမျိုးအနက် သွားဆိုတဲ့ ဣရိယာပုထ်နဲ့ အားထုတ်နေစဉ် ယောဂီဟာ အလွန်ဖြည်းဖြည်းချင်းလျှောက်ရင်း ထိ သိ သတိ ကို မှတ်နေပါတယ်။ ဒီအခါ ဆရာတော်ကြီးမှ ဒကာကြီးရဲ့တိုင်းပြည် ပြန်ရောက်သွားလို့ ကားလမ်းကူးရတဲ့အခါ ဘယ်လိုလုပ်မလဲ။ ဘဝထဲမှာလို ပုံမှန်သွားပြီး သတိပဋ္ဌာန်တရားကို ဂရုစိုက်ပါလို့ မိန့်ကြားခဲ့ပါတယ်။
တစ်နေ့သောအခါ ဆရာတော်ဘုရားကြီးက ဒကာကြီးတစ်ဦးအား ဒကာ… တရား ဘယ်လိုမှတ်သလဲဟု မေး၍ တရားစစ်ပါသည်။ ထိုဒကာကြီးမှ စိတ်တစ်ခု ရှေ့မှာ အလုပ်လုပ်နေရင် နောက်ထပ် စိတ်တစ်ခုက အဲဒီ အလုပ်လုပ်နေတဲ့စိတ်ကို စောင့်ကြည့်နေပါတယ်ဘုရား ဟု လျှောက်လိုက်ပါသည်။ ထိုအခါ ဆရာတော်ဘုရားကြီးက “နှစ်စိတ်ရှိမှ တရား၊ တစ်စိတ်တည်းရှိရင် ‘ငါ’ ပါတယ်” ဟု မိန့်ကြားပါသည်။
ထိုနောက် ဆက်လက်၍ ဒကာ…အာရုံက တရားမဟုတ်ဘူး။ သိစိတ်ကသာ တရားဖြစ်တယ်ဟု မိန့်လေ၏။သေခါနီး အမော ဖောက်နေရင်တောင် အမောဖောက်နေတဲ့စိတ်က သပ်သပ် ရှု့နေတဲ့စိတ်က သပ်သပ်ဟု ထပ်၍ မိန့်ပါသည်။
ဆရာတော်ဘုရားကြီးသည် သတိကပ်ဖို့ရန် အမြဲတမ်း ဆုံးမခြင်းနှင့် ပတ်သက်၍ မလေးရှားလူမျိုးယောဂီ တန်စိန်ဟိုးမှ ဘယ်လောက်ထိ သတိကပ်ရမလဲဘုရား ဟု လျှောက်သောအခါ ဆရာတော်ဘုရားကြီးမှ မသေမချင်း ကပ်ပါ။ နေဦး နေဦး ပြောတာ မှားသွားတယ်။ နိဗ္ဗာန် မရမချင်း သတိကပ်ရမယ်ဟု မိန့်ပါသည်။
📌 ရွှေဥမင်တောရဆရာတော်ဘုရားကြီး
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image