12 hrs - Translate

◼ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုကျူးလွန်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း
ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုကျူးလွန်ကြောင်း ကော်မရှင်ကစစ်ဆေးတွေ့ရှိပါက နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခံရမည်ဖြစ်ကြောင်း နစက က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းလိုက်ပြန်သည်။
ယင်းဥပဒေအသစ်ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းကို ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများတွင် အ ထက်ပါပြဋ္ဌာန်းချက်မပါဝင်ခဲ့ဘဲ ယခုမှပထမဆုံးအကြိမ်ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပြင်ဆင်ချက်ထည့်သွင်းလာခြင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကဲ့သို့ အငြင်းပွားမှုများ ရှိမလာစေရန်ဖြစ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။
“လာမယ့်ရွေးကောက်ပွဲအလွန်မှာ ၂၀၂၀ တုန်းကလို ဖြစ်စဉ်မျိုးတွေဖြစ်ခဲ့လို့ရှိရင် ဒါနဲ့ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ခြင်းကနေ အလိုအလျောက်ပျက်ပြယ်တယ်ဆိုတဲ့သဘောဖြစ်သွားမှာပေါ့” ဟု ၎င်းကသုံးသပ်သည်။
NLD ပါတီဦးဆောင်သည့် အစိုးရလက်ထက်ကကျင်းပခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိထားကြောင်း လက်ရှိရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ယခုဥပဒေပြင်ဆင်ချက်သည် NLD ပါတီအနေဖြင့် တရားဝင်ဆက်လက်ရပ်တည်ခွင့်မရစေ ရန်ရည်ရွယ်ကြောင်း ဝေဖန်သုံးသပ်မှုတချို့ရှိနေသော်လည်း ဒေါက်တာအေးမောင်ကမူ ထိုသို့မယူဆကြောင်း၎င်း၏အမြင်ကိုပြောသည်။
လက်ရှိကော်မရှင်လက်ထက် ပြင်ဆင်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများဆက်လက်ရပ်တည်နိုင်ရန် မှတ်ပုံပြန်တင်ရမည်ဖြစ်သော်လည်း NLD၊ SNLD စသည့် ထင်ရှားသည့် ပါတီများအပါအဝင် နစကဖွဲ့စည်းသည့်ကော်မရှင်ထံ မှတ်ပုံပြန်မတင်သည့်ပါတီများရှိနေသည်။
“လာမယ့်ရွေးကောက်ပွဲမှာ အခုသွားတဲ့ပုံစံအရဆိုရင် ဘယ်လိုမှ NLD ပါလာစရာအကြောင်းမရှိဘူး။ ဒါကြောင့်အခုပြဋ္ဌာန်းတာက NLD နဲ့ဘာမှမဆိုင်ဘူးဖြစ်မှာပေါ့။ ပြိုင်ကြမယ့် ပါတီတွေနဲ့ပဲဆိုင်တာပေါ့။ ၂၀၂၀ တုန်းကလိုထပ်ဖြစ်မလာအောင်ရည်ရွယ်တာဖြစ်တဲ့အတွက် ပိုပြီးတောင်မှတရားမျှတမှုဘက်ကို သွားချင်တဲ့ပုံပေါက်ပါတယ်” ဟု ဒေါက်တာအေးမောင်ကဆိုသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ တွင် ပါတီများဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေသည့် အချက် ၁၀ ချက်ဖော်ပြထားပြီး ပါတီရုံးခန်းဖွင့်လှစ်မှု၊ ပါတီဝင်အင်အား၊ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် သတ်မှတ်အရေအတွက်ပြည့်မီအောင်မဆောင်ရွက်နိုင်မှု၊ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခံရမှုစသည်တို့ပါဝင်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံကြစဉ်)
#ပြည်တွင်းသတင်း

image