တာချီလိတ် နှင့် ကလောတွင် ရေကျ အင်းလေးတွင်ရေဆက်တိုး
။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုကြုံခဲ့ရသည့် ရှမ်းတောင်ဒေသတွင် ယနေ့ ဇူလိုင် ၂၉ ရက်နေ့၌ တာချီလိတ်နှင့် ကလောတို့တွင် ရေပြန်ကျသွားပြီး အင်းလေးဒေသတွင် ရေဆက်တိုးနေကြောင်း ဒေသခံလူမှူကူညီရေးနှင့် သတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင် ၂၇ ရက်မှစတင်ကာ ရေကြီးနေသည့် တာချီလိတ်မြို့တွင် ယမန်နေ့ ညနေပိုင်းမှစတင်ကာ ရေကျဆင်းသွားပြီး ယနေ့တွင် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက် စသည့် အနိမ့်ပိုင်းနေရာတို့တွင် ရေတင်ကျန်နေသေးကြောင်းသိရသည်။
“ရေချောင်းမှာတော့ သွားမရသေးဘူးပေါ့နော်။ အပြင်ထွက်တဲ့နေရာတွေ တချို့ကြတော့ ဒူးလောက် တချို့ကျတော့ ပေါင်လယ်လောက် ကျန်မှာပေ့ါနော် ပျမ်းမျှ” ဟု တာချီလိတ်မြို့ ခံတဦးကဆိုသည်။
ယမန်နေ့ရေတက်ချိန်တွင် ရင်ဘတ် အထိ ရောက်ကာ ရေစီးသန်ပြီး ယနေ့တွင် ပေါင်လောက်ခန့် ရေပြန်လည်ကျဆင်းနေပြီဟု ၎င်းက ပြောသည်။
ယနေ့တွင် မိုးတိတ်ကာ နေထွက်နေသဖြင့် တာချီလိတ်တွင် ဖွင့်ထားသည့် အောင်မြတ်ခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းတွင်လည်း ရေဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။
ကလောမြို့တွင်လည်း အလားတူ ရေပြန်ကျသွားသဖြင့် နေအိမ်များအတွင်း တင်ကျန်ခဲ့သည့် နုန်းများကို ရှင်းလင်းနေကြရကြောင်း ဒေသခံတဦးက ပြောသည်။ သို့သော် ရေကို နှစ်ရက်တခါမှ ရသဖြင့် တင်ကျန်နေသည့် နုန်းများရှင်းလင်းရန် ရေလိုအပ်နေကြောင်း ဆိုသည်။
“ရေက နှစ်ရက်ခြားမှတခါလာတာ။ ဒီနေ့တော့ ရေလာမယ့်ရက်။ ညနေ ၅ နာရီမှလာမှာဆိုတော့ ရေရ၊ မရတော့ ပြောမရသေးဘူး” ဟု ကလောမြို့ခံက ပြောသည်။
ရေကြီးမှုကြောင့် ကလောမြို့ ရပ်ကွက် ( ၄) နှင့် ရပ်ကွက် ( ၂ ) မှ နေအိမ်အချို့နစ်မြှုပ်ခဲ့ပြီး လက်ရှိ ရေကျချိန်တွင် ထိုရပ်ကွက်များမှ နေအိမ်အချို့အတွင်း နုန်းမြေဝင်ရောက်မှုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုဒေသများတွင် ရေပြန်လည်ကျဆင်းသွားသော်လည်း အင်းလေးဒေသတွင် ရေများ မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။
“မိုးက မရွာပေမယ့် ရေက ဆက်တိုက်မြင့်တက်နေတယ်ဗျ။ ဟိုး ကလောတို့ညောင်ရွှေတို့ စီးလာတဲ့ရေတွေအကုန် စီးဝင်နေတာဆိုတော့လေ။ မနေ့က ဒူးလောက်ပဲရှိတဲ့ရေက ဒီနေ့ ပေါင်လယ်ရောက်နေပြီ။ မိုးရွာရင်တော့ ပိုဆိုးမယ်” ဟု အင်းလေးဒေသခံက ပြောသည်။
လက်ရှိ အင်းလေးဒေသ ကုန်းတွင်းရွာဖြစ်သည့် ဟဲယာရွာမတွင် နေအိမ်အောက်ထပ်၌ ရေဝင်နေပြီး လမ်းများတွင် စက်လှေများဖြင့် သွားလို့ရနေကြောင်း ဒေသခံက ပြောသည်။
ယနေ့ နံနက် ၆ နာရီခွဲ မိုးဇလ၏ တိုင်းတာချက်အရ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တို့၏ စိုးရိမ်ရေမှတ်အထက်တွင်ရှိနေပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်ရှိနေမည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှုများနှင့် မြစ်ရေမြင့်တက်မှုများ ဆက်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိဖြင့်နေထိုင်ရန်နှင့်၊ ရေဘေးလွတ်ရာ နေရာများတွင် ကြိုတင်ရှောင်ရှားကြရန် မိုးလေဝသဌာနများက တိုက်တွန်းထားသည်။

