မန္တလေးတွင် ငလျင်ထပ်လှုပ်ပြန်
မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး ၃ လခွဲရှိလာသည့်တိုင် နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်နေသည့် မန္တလေးမြို့တွင် ယနေ့ (ဇူလိုင် ၂၉) ဆယ်နာရီခွဲအချိန်ခန့်က ငလျင်ထပ်လှုပ်ပြန်သည်။
“ဒုံးကနဲအသံကျယ်ကျယ်နဲ့ လှုပ်သွားတာ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
မိုးဇလ မြေငလျင်စင်တာကမူ အင်အား ရစ်(ခ်)တာစကေး ၃.၂ ရှိပြီး မန္တလေးမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုချက်တည်နေရာအဖြစ် လှုပ်ခတ်သွားသည်ဟု ဖော်ပြထားသည်။
မန္တလေး၌ အင်အားကြီးမားသည့် ငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု(၂၁၃)ကြိမ်အထိရှိလာကြောင်း ဇူလိုင်(၂၄) ရက်ထိ ရရှိထားသည့် အချက်အလက်များအရ သိထားရသည်။ အချို့နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော ငလျင်ကြီးများသည် ၃ လကြာပါက နောက်ဆက်တွဲငလျင်များရပ်လေ့ရှိသည်။
ထို့ပြင် အင်အားပြင်းငလျင်များ လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေရှိသဖြင့် သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။


