◼ တာချီလိတ်ရှိမြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံ၊ ဒေသခံများရေဘေးလွတ်ရာရွှေ့ပြောင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မယ်ဆိုင်ချောင်းရေမြင့်တက်လာကာ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်း(တာချီလိတ်)ထံမှသိရသည်။
ယနေ့(ဇူလိုင် ၂၈ ရက်) နံနက်အစောပိုင်းမှစတင်ကာ တာချီလိတ်မြို့မယ်ဆိုင်ချောင်းအနီးရှိ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်ရှိမြေနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်လျက်ရှိပြီး ဒေသခံများရေဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်းသိရသည်။
"မြစ်ရေသတိပေးချက်တွေစောင့်ကြည့်နေရပါတယ်။ လက်ရှိမိုးကလည်းရွားနေတယ်။ ချောင်းရေလည်းတက်နေဆဲပါ။ အနိမ့်ပိုင်းတွေကတော့ရေဝင်သွားပြီ။ ဒေသခံတွေအားလုံးကိုရေဘေးလွတ်ရာ ပို့ဆောင်ပေးနေပါတယ်။ ပြီးတော့အမြင့်ပိုင်းနေတဲ့သူတွေလည်း ပေါ့လို့မရသေးဘူး။ လက်ရှိအခြေနေကတော့ မြစ်ရေဆက်တက်နေပါတယ်" ဟုဦးလှမိုးလူမှုကူညီရေးအသင်း(တာချီလိတ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါရေဝင်နေသောအနိမ့်ပိုင်းရပ်ကွက်များတွင် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်သောကြောင့် ယနေ့နနက် ၇ နာရီမှစတင်ကာ လျှပ်စစ်ဓာတ်အားဖြတ်တောက် ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဦးလှမိုးလူမှုကူညီရေးအသင်း(တာချီလိတ်)
#ပြည်တွင်းသတင်း
