#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေးရက်အတွင်း ထိုင်းမှ ထွက်ခွာသည့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်သိန်းကျော်ရှိလာ
ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ နယ်စပ်ပဋိပက္ခများ ဖြစ်ပေါ်မှုကြောင့် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား နှစ်သိန်းကျော် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာနများက ဇူလိုင် ၂၈ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
ကမ္ဘောဒီးယားအလုပ်သမား ၅၄ဝဝဝ ကျော်သည် ဇူလိုင် ၂၃ ရက် တစ်ရက်တည်းတွင် ထိုင်း ဘတ်တမ်ဘန်ပြည်နယ်ရှိ နယ်စပ်ဂိတ်မှ ပြည်တော်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် အလုပ်သမား ၆၅ဝဝဝ ခန့်နှင့် ဇူလိုင် ၂၇ ရက်တွင် အလုပ်သမား ၁၂ဝ၄၃၈ ဦးခန့်တို့သည်ကမ္ဘောဒီးယားသို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်၊
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများမှာ ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ နယ်စပ်ပဋိပက္ခများကြောင့် လုံခြုံမှုမရှိတော့၍ မိခင်နိုင်ငံသို့ပြန်လာရန် ကြိုးပမ်းနေရာ စုစုပေါင်း အလုပ်သမား လေးသိန်းခန့်သည် ပဋိပက္ခများကြောင့် ထွက်ပြေးပြီး နေရပ်သို့ ပြန်လာကြမည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတွင်လာရောက် အလုပ်လုပ်ကိုင်နေသည့်ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများကို ထိုင်းလူမျိုးများက နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်းများရှိနေကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အခြားတစ်ဖက်တွင် ဇူလိုင် ၂၈ ရက်က ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝက်ချယာချိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် မလေးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
Source; Nation Thailand
