ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ ကွာလာလမ်ပူမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေ
ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အပြစ်တင်နေတာကြောင့် အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲဖြစ် ပါတယ်။အမြောက်တွေနဲ့ ယှဉ်ပြိုင်ပစ်ခတ်နေတဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ရယူကာ ပြောဆိုခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက်စလုံးကို ကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေသလို ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေဟာ ပြင်းထန်နေတဲ့ နယ်နိမိတ်အငြင်းပွားမှုကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ဆွေးနွေးပွဲတစ်ခုကို မလေးရှားမှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ပစ်ခတ်တွေအတွင်း နှစ်ဖက်တပ်တွအပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ၃၃ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။
ထိုင်းခေတ္တဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် ဦိးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီနေ့ ဇူလိုင် ၂၈ ရက်နေ့ မလေးရှားဒေသစံတော်ချိန် ညနေ ၃ နာရီမှာ တွေ့ဆုံသွားကြဖို့ ရှိနေတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နစ်နိုင်ငံအကျပ်အတည်းကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ နယ်စပ်မျဉ်းတစ်လျှောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် တင်းမာမှုတွေမြင့်တက်လာကာ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သလို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း နှစ်ဘက်လုံး အပစ်အခတ်ရပ်စဲဖို့ အဆိုပြုခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အနေနဲ့ ရန်လိုမှုတွေဆက်လုပ်နေမယ်ဆိုရင်တော့ အမေရိကန်နဲ့ အနာဂတ် ကုန်သွယ်ရေးသဘောတူညီချက်တွေကို နှစ်နိုင်ငံစလုံးက ဆိုင်းငံ့ထားကြဖို့ အမေရိကန် သမ္မတ Donald Trump က စကော့တလန်မှာ တနင်္ဂနွေနေ့က သတင်းထောက်တွေနဲ့ စကားပြောရာမှာ သတိပေးထားတယ်လို့ သိရပါတယ်။
