12 ပတ် - ဘာသာပြန်ပါ။

ဘုန်းကြီး သာသနာ့ဘောင်ထဲဝင်ခါစ နေမကောင်းဖြစ်တယ်။ အမေကလာပြီးတော့ "ငါ့သားဦးဇင်း ဒီဘဝမှာ မနေပါနဲ့တော့…အသက်တိုလိမ့်မယ်၊ ရောဂါရလိမ့်မယ်၊ဆင်းရဲပါတယ်။ နေပူမိုးရွာ ဆွမ်းခံထွက်ရတယ်။ အိပ်ချင်တဲ့အချိန် မအိပ်ရ၊ ဆာတဲ့အချိန် မစားရနဲ့ လူထွက်လိုက်ပါ" လို့ စည်းရုံးပြောတယ်။
ဘာလို့ပြောတာလဲ? ဘာလို့လဲ? မစင်ပုံထဲ ကျစေချင်တာပုထုဇဉ်သဘာဝလေ။ မိဘတွေက သားသမီးဆင်းရဲမှာကိုကြောက်တာ။ ဘုန်းကြီးက “အမေ ဒီလိုနေရတာကချမ်းသာပါတယ်”လို့ တခွန်းပဲ ပြန်ပြောလိုက်တယ်။ (၁၀) ဝါ ရတဲ့အထိ အမေက လူထွက်ဖို့ ပြောတာနော်။ အတိတ်ကုသိုလ်ကံ ပစ္စုပ္ပန်ကုသိုလ်ကံတွေရှိနေလို့ အဖျက်ဆီးမခံရတာပါ။
သာသနာ့ဗြဟ္မာ့မဂ္ဂစရိယအကျင့်ကို လူတိုင်းလူတိုင်း မကျင့်နိုင်ပါဘူး။ သီလအကျင့်၊ သမာဓိအကျင့်၊ ပရိယတ်ပရိပတ္တိအကျင့်၊ တရားကို စူးစူးစိုက်စိုက်နာတဲ့ အကျင့်တို့သည် သာသနာ့ဗြဟ္မာ့မဂ္ဂစရိယအကျင့်တို့ ဖြစ်ပါတယ်။
ပုခုံးနှစ်ဖက်ကြားခေါင်းပါတိုင်း လူမဟုတ်ဖူးနော်။ ကုသိုလ်အသိ၊ အကုသိုလ်အသိ ပိုင်းခြားသိသူမှသာ လူလို့ ခေါ်ပါတယ်။ တချို့လူတွေ ဘာမှမသိဘူး။ စားမယ်၊ ဝတ်မယ်၊ အိပ်မယ် ဒါပဲသိတယ်။ ဝိပဿနာဆိုတာ ဘာမှန်းကို မသိတာနော်။ တရားဆိုတာ ဘာလဲလို့ကို မသိတာ။ အန္ဓပုထုဇဉ်တွေပေါ့။
ဒိဌိပျောက်အောင် ဝိပဿနာညဏ် မရှိနိုင်သေးသ၍ အမေလည်း သတ်နိုင်တယ်။ အဖေလည်း သတ်နိုင်တယ်။ ညီအကိုမောင်နှမတွေ တဦးနဲ့တဦး ပျက်စီးအောင် လုပ်နိုင်ကြတယ်။ ဣဿာမစ္ဆရိယတွေ ဖြစ်ကြတော့ ဓားဆွဲ တုတ်ဆွဲ သတ်ကြသေကြ ထောင်ကျကြရတယ်။
ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး တခုသောဘဝမှာ မိန်းမစကားနားယောင်ပြီး မိဘနှစ်ပါးသတ်မိတဲ့ကံကြီး လုပ်မိခဲ့တယ်။ မိဘသတ်တဲ့ကံကြောင့် ငရဲမှာလည်းခံခဲ့ရတယ်။ လူဖြစ်ပြန်တော့လည်း သူများသတ်လို့ပဲ သေခဲ့ရတယ်။ နောက်ဆုံးပစ္ဆိမဘဝိက ဘဝထိ အကုသိုလ်ကံသတ္တိတွေက အကုန်လုံး အကျိုးပေးသွားတာများ အရိုးတွေ အသားတွေ မှုန့်မှုန့်ကြေအောင် အရိုက်ခံရရှာတာပါ။ ရိုးရိုးလေး ပရိနိဗ္ဗာန်စံခွင့် မပြုဘူးနော်။
ဗုဒ္ဓဂါယာသွားတုန်းက အော်...ဒီနေရာ ဒီတော ဒီတောင်တွေမှာ အရှင်မြတ်တို့ တရားကိန်းသွားတဲ့နေရာ၊ အကုသိုလ်ကံကြွေးတွေကို အကုန်လုံးပေးဆပ်ခဲ့ရတဲ့ နေရာလေးတွေပါလားလို့ တွေးမြင်ယောင်ရင်း မျက်ရည်ကျမတတ်ပဲ။
ဘယ်သူမဆို သံသရာမှာမလုပ်ဖူးတဲ့ အကုသိုလ်မရှိဘူးနော်။ အကုသိုလ်ကံတွေက အများကြီးမို့ သာဓုမခေါ်ဆိုနိုင်တဲ့ ပြိတ္တာဘဝတွေ ရောက်နေတာ မြင်ခဲ့ရတယ်။ တောထဲမှာ တရားထိုင်နေတုန်း အရိုးစုပြိတ္တာကြီး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးသွားလိုက်နဲ့ အစာရှာနေရတာ ဘာမှမစားရလို့ ဆာလောင်နေရှာတယ်။ သူ့မှာ တအင်အင်နဲ့ ညည်းညူလို့ တုန်နေတယ်။ “အို ပြိတ္တာကြီး ဒီနားလာပါ။ တရားဟောပြီး အမျှပေးချင်လို့ပါ” လို့ခေါ်တာ အနားမကပ်နိုင်ဘူး ပြေးထွက်သွားတယ်။
ဘုန်းကြီးမြင်ဘူးတဲ့ ပြိတ္တာတကောင် ပြောပြအုံးမယ်။ ခေါင်းကြီးက အကြီးကြီး။ ခါးအောက်ပိုင်းက နီရဲပြီးသွေးတွေ ကျနေတယ်၊ လောက်တွေစားနေတယ်၊ ငှက်တွေကလည်း လိုက်ထိုးစားနေတယ်၊ ပြေးလည်းမရ နာလွန်းလို့ ခေါင်းကြီးမြေထဲစိုက် အော်နေရတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကံတွေနော်။ တရားအသိ မရှိခဲ့လို့ သူတော်ကောင်းတွေနဲ့ မပေါင်းဖော်ခဲ့ကြလို့ ကုသိုလ်တွေမပြုခဲ့ပဲ အကုသိုလ်တွေပြုခဲ့ကြတာကိုး။
ဒကာဒကာမတို့အတွက် ဘုန်းကြီး ပိုကြောက်တယ်နော်။ လှူလို့တန်းလို့ နတ်ပြည်တော့ ရောက်မယ်။ ကုသိုလ်ကံ ကုန်တဲ့နေ့ အပါယ်ကျရအုံးမယ်။ ဒါ့ကြောင့် ကြောက်စရာကောင်းတဲ့ ပုထုဇဉ်ဘဝက ကျွတ်အောင် အသိထူး ညဏ်ထူးရအောင် တရားအကျင့် ကျင့်မှ ဖြစ်ပါမယ်။ ဒါနသီလခြံရံပြီး ဝိပသနာအကျင့် ကျင့်မှ ဒုက္ခဆုံးမှာပါ။
📌 မြောက်ဦးဆရာတော်
▪️ပူဇော်သူ - မယ်ဦး

image