ဘာကြောင့် မေ့မောလဲပြိုကြသလဲ
သဲအင်း ယောဂီအချို့ (ယောဂီတစ်ရာမှာ သုံးလေးယောက်)ဟာ ဘာကြောင့် မေ့မောလဲပြိုကြသလဲဆိုတာကို ကျွန်တော် ဆက်လက် ရှင်းပြပါမယ်။ ဒီလို မေ့မောလဲပြိုရတဲ့အကြောင်းက…
(၁) တမလွန်ဘဝဟောင်းများကပါလာတဲ့ ဝိပါက်ဝဋ်ကြွေးကြောင့်သော်၎င်း၊
(၂) တရားယောဂီဟာ ပေါ်လာတဲ့ဒုက္ခဝေဒနာကို ဥပေက္ခာဝေဒနာ ဖြစ်သွားအောင် သမာဓိ သို့မဟုတ် ပညာဦးဆောင်ပြီး အားထုတ်ရပါတယ်။ သို့ရာတွင် ယောဂီသစ်ဟာ တရားအားထုတ်စမှာ ပညာလဲမဖြစ်သေး၊ သမာဓိကိုလဲ အင်အားကောင်းအောင် မထူထောင်တတ်သေးတဲ့အတွက် ဒုက္ခဝေဒနာရဲ့ အနှိပ်စက်ကို မချိမဆန့်ခံလိုက်ရခြင်းသော်လည်းကောင်း၊ ဤအကြောင်းနှစ်ပါးကြောင့် မေ့မောလဲပြိုခြင်းဖြစ်ပါတယ်။
တရားယောဂီဟာ ဒုက္ခဝေဒနာနဲ့ “နဖူးတွေ့ဒူးတွေ့” တွေ့တဲ့အခါမှာ ဒုက္ခဝေဒနာကို ကျော်လွန်ပြီး ဥပေက္ခာဝေဒနာ ဖြစ်သွားအောင် ပညာလက်နက် သို့မဟုတ် သမာဓိလက်နက်ကို အသုံးပြုရပါတယ်။ အစမှာ ပညာလက်နက်ကို အသုံးမပြုနိုင်သေးပါ။ ထိုအခါမှာ သမာဓိလက်နက်ကို အသုံးပြုရပါမယ်။ သို့ရာတွင် သမာဓိလက်နက် အင်အားကောင်းအောင် အာနာပါနနဲ့ ဘယ်နည်းဘယ်ပုံ ထူထောင်ရမယ်ဆိုတာကို မသိရှိမကျွမ်းကျင်သေးပါ။ သို့အတွက်ကြောင့် ဒုက္ခဝေဒနာရဲ့ ပြင်းပြင်းထန်ထန် နှိပ်စက်ခြင်းကိုခံရကာ ယောဂီအချို့ဟာ မေ့မောလဲပြိုသွားပါတယ်။
ဒီလို မေ့မော့လဲပြိုသွားရတဲ့အတွက် တရားယောဂီမှာ အရှုံးလုံးလုံးမရှိပါ။ အမြတ်ပင်ထွက်ပါတယ်။ ဝမ်းနည်းစရာ မဟုတ်ပါ။ ဝမ်းသာစရာဖြစ်ပါတယ်။ ဘာကြောင့်လဲတဲ့၊ ဝေဒနာရဲ့ ဒုက္ခဒဏ်ချက်ကို နက်နက်နဲနဲသိမြင်အောင် ကျင့်ကြံအား ထုတ်ရတဲ့လုပ်ငန်းမှာ ဝေဒနာရဲ့ ဒုက္ခဒဏ်ချက်ကို အစွမ်းကုန် သိရှိလိုက်ရတဲ့အတွက် ဝမ်းသာဖွယ်ရာ အမြတ်ရခြင်းသာ ဖြစ်သောကြောင့်ပါခင်ဗျား။
ဘယ်လိုအလုပ်မျိုးမှာမဆို အလုပ်လုပ်စမှာ ကျွမ်းကျင်မှု မရှိသေးပါ။ ဒီလို ကျွမ်းကျင်မှုမရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိစ္စများ ပေါ်လာခြင်းဟာ ဓမ္မတာပင်ဖြစ်ပါတယ်။ ဥပမာ ရေကူးသင်သူဟာ ရေကူးစအချိန်မှာ ရေနစ်တတ်ပါတယ်။ စက်ဘီးအစီးသင်သူဟာ စက်ဘီးစီးစအချိန်မှာ လဲပြိုပြီး ဒူးကွဲပေါင်ပြဲ ဖြစ်တတ်ပါတယ်။ သို့ပေမယ့် စိတ်မပျက်ဘဲ ဆက်လက်ပြီး အလေ့အကျင့်လုပ်တဲ့အခါမှာ ကျွမ်းကျင်လိမ္မာသွားပါတယ်။ ထိုအခါမှာ ရေမနစ်ရုံမကဘဲ ကောင်းစွာရေကူးတတ်သွားပါတယ်။ မလဲမပြို ဒူးမကွဲပေါင်မပြဲရုံမကဘဲ လိုရာအရပ်သို့ စက်ဘီးစီးပြီး လျင်မြန်စွာသွားတတ်ပါတယ်။
ဒီဥပမာအတိုင်းပဲ တရားအားထုတ်စယောဂီအသစ်ဟာ မေ့မောလဲပြိုခြင်းကို လွန်မြောက်ကျော်နင်းအောင် သဒ္ဓါဝီရိယနဲ့ကြိုးစားအားထုတ်လိုက်တဲ့အခါမှာ သမာဓိအင်အားကောင်းအောင် တည်ထောင်နည်းကို သိရာက ဝေဒနာပေါ်လာတဲ့အခါ နာကျင်ကိုက်ခဲတယ်လို့ ဝေဒနာသညာနဲ့ အမှတ်မပြုတော့ဘဲ ဝေဒနာနာမ် ခံစားတဲ့သဘောမျှကိုသိတဲ့ ဝေဒနာပညာနဲ့သိတဲ့ အသိမျိုးဖြစ်သွားပါတယ်။
ဒုက္ခဝေဒနာမှ ကျွတ်လွတ်ပြီး ဥပေက္ခာဝေဒနာဖြစ် အောင် တစ်ကြိမ်တစ်ခါ အားထုတ်ဘူးတဲ့ယောဂီဟာ ထို တစ်ကြိမ်တစ်ခါကစပြီး ဝေဒနာရဲ့ ပြောင်းလဲနှိပ်စက်ခြင်းများကို ဉာဏ်ငုံမိ သိရှိသွားပါတယ်။ ထိုအချိန်ကစပြီး အဖန်တလဲလဲ ပေါ်လာကြတဲ့ ဝေဒနာများကို ခံစားရသည်တိုင်အောင် “လှိုင်းကြီးလှေအောက်” သဘောမျိုးနဲ့ ဝေဒနာရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းများကို ဥပေက္ခာရှုနိုင်သော သမာဓိပညာနှင့် ပြည့်စုံသောအဆင့်သို့ ရောက်သွားပါတယ်။
ထို့ကြောင့် ဝေဒနာကို အရှုခံအာရုံအဖြစ်ထားပြီး ဒုက္ခ လက္ခဏာဉာဏ်ပေါ်အောင် ရှုပွားကြရမယ့် သဲအင်းယောဂီများဟာ သဒ္ဓါနဲ့ဝီရိယကို အရင်းပြုပြီး ဇွဲသတ္တိရှိရှိနဲ့ ဒုက္ခဝေဒနာကို ကျော်လွန်အောင် ကျင့်ကြံအားထုတ်ရမယ်ဆိုတာကို ကြိုတင် သဘောပေါက်ထားကြရမည်ဖြစ်ပါတယ်။ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်တွေ့တဲ့အခါ သားသမင်ကိုတွေ့မြင်ရတဲ့ တောမုဆိုးပမာ ဝမ်းမြောက်ကြရမည်သာ ဖြစ်ပါတယ်ခင်ဗျား။
📌 သဲအင်းဂူဆရာတော်ဘုရားကြီး
📖 (မိုးကြိုး) ဦးအုန်းခင် – ဒိဋ္ဌိသတ် တဏှာသတ်
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image