1 w - Translate

◼ မန္တလေး၌ ရွှေဆိုင်ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိများရှိဟုဆို
ဓားပြတိုက် လုယက်ခံမှုများ မကြာခဏဖြစ်ပွားနေသည့်မန္တလေးမြို့၌ ယနေ့(ဇူလိုင် ၂၄ရက်) ညနေပိုင်းက ရွှေဆိုင်ဓားပြတိုက်ခံရမှုထပ်ဖြစ်ခဲ့ပြီး ဆိုင်အတွင်းခင်းကျင်းထားသည့် လက်၀တ်ရတနာများနှင့် ငွေသားကျပ်သိန်း ၃၀ ၀န်းကျင် ဆုံးရှုံးသွားကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံမှသိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက်ရပ်ကွက်၊ ၃၉ လမ်းနှင့်၈၄x၈၅ လမ်းကြားရှိ "ရွှေနန်းသုခ" စိန်၊ ရွှေ ရတနာဆိုင် ယနေ့ ညနေ လေးနာရီ၀န်းကျင်တွင် လုယက်ခံရခြင်းဖြစ်ပြီး ဖြစ်စဉ်အတွင်း ဆိုင်၀န်ထမ်းအမျိုးသားနှစ်ဦးမစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်းသိရသည်။
အဆိုပါ ရွှေဆိုင်အားဓားပြတိုက်သူများက Honda Fit မော်တော်ယာဉ်အဖြူရောင်ဖြင့်ရောက်ရှိလာကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ဆိုင်အတွင်း၀င်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။လုယက်သူများစီးနင်းအသုံးပြုခဲ့သည်ဆိုသော မော်တော်ယာဉ်၏ CCTV မှတ်တမ်းဓာတ်ပုံလည်းလက်ရှိ လူမှုကွန်ရက်၌ ပျံ့နှံ့နေသည်ကိုတွေ့ရသည်။
ဆိုင်အတွင်း၀င်ရောက်လုယက်သည့်အဖွဲ့တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးပါ၀င်ပြီး သေနတ်တစ်ချက်ပစ်ဖောက်ပြီးနောက် "အားလုံး၀ပ်နေ"ဟုဆိုကာ ကောင်တာများအတွင်း ခင်းကျင်းထားသည့် လက်၀တ်ရတနာများကို လုယက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
လုယက်မှုဖြစ်ခဲ့သည့် ရွှေနန်းသုခ ရွှေဆိုင်အနီး နေထိုင်သော မဟာအောင်မြေ ဒေသခံများက အခင်းဖြစ်နေချိန် သေနတ်ပစ်ဖောက်သံများကြားရကြောင်း ပြောဆိုမှုများရှိသည်။
"နီးနီးလေးဆိုတော့ကြောက်တာပေါ့၊သေနတ်သံကလည်းဆက်တိုက်ပဲ၊အစက မိုးများပြီး တိုက်ပြိုတာလိုလိုထင်လိုက်သေးတယ်" ဟု အဆိုပါရွှေဆိုင်အနီး နေထိုင်သူတစ်ဦးကပြောသည်။
လုယက်မှုအတွင်း ဒဏ်ရာရခဲ့သည့်အမျိုးသားနှစ်ဦးကို သွားရောက်ကူညီခဲ့သည့် မန္တလေးမြို့မှ မဏိစလ လူမှုကူညီရေးအသင်းကလည်း ပစ်ခတ်မှုများဖြစ်ကာ ထိခိုက်ဒဏ်ရာရသူနှစ်ဦးရှိကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွဖော်ပြထားသည်။
ရွှေဆိုင်အတွင်း ဓားပြတိုက်မှုဖြစ်ပြီးနောက် ဈေးအတွင်းရှိနေသည့် နစက တပ်ဖွဲ့၀င်များရောက်လာကာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လုယက်သူများထွက်ပြေးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကဖော်ပြကြသော်လည်း စံတော်ချိန် ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကမူ လုယက်သူများသည် ၎င်းတို့မောင်းနှင်လာသည့်ကားနှင့်အတူ ၃၉ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ဟုဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့၀င်များက ပိတ်ဆို့ရှာဖွေမှုနှင့် CCTV မှတ်တမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှစ၍ ရွှေဆိုင်ဓားပြတိုက်ခံရမှုအပါအ၀င် လုယက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး လေးနှစ်ကျော်အတွင်း ရွှေဆိုင်များ ဓားပြတိုက် လုယက်ခံရမှု အကြိမ်နှစ်ဆယ်ကျော်ဖြစ်ထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - မဏိစလလူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း

image