◼ ကမ္ဘောဒီးယားတိုက်ခိုက်မှုကြောင့်ထိုင်းအရပ်သားသေဆုံးသူ ၁၂ ဦးအထိရှိလာ
ထိုင်းအရပ်ဘက်နေရာများအပေါ် ကမ္ဘောဒီးယား တိုက်ခိုက်မှုများကြောင့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူဦးရေ ၁၂ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကြောင်း ထိုင်းစစ်တပ်က ပြောသည်။
ထိုင်းနိုင်ငံ၊ဆူရင်ပြည်နယ်၊တမူအန်ထွမ်ဘုရားကျောင်းအနီးရှိ ထိုင်းစစ်တပ်အခြေစိုက်စခန်းအား ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကယနေ့နံနက်ပိုင်းတွင်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးဒဏ်ရာရမှုများရှိခဲ့ပြီး ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက အတည်ပြုခဲ့သည်။
တိုက်ခိုက်မှုများကြောင့်ဆူရင်ပြည်နယ်၌ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီးအရပ်သားလေးဦးနှင့်ထိုင်းစစ်သည်ငါးဦး ဒဏ်ရာရခဲ့သည်။
အူဘွန်ရတ်ချာဌာနီပြည်နယ်၌ အရပ်သားတစ်ဦးသေဆုံးပြီးလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့အတူစီစကက်ပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ်တစ်ဦး အပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရကာ စစ်သည်တစ်ဦးကျဆုံးပြီး စစ်သည်နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင်ကမ္ဘောဒီးယား၏တိုက်ခိုက်မှုများကြောင့် အိုးအိမ်အဆောက်အဦပျက်စီးမှုများလည်းရှိခဲ့ပြီး လူနေအိမ်များ ပျက်စီးကာ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခဲ့သည်။
ကမ္ဘောဒီးယား၏လုပ်ရပ်များကိုထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဆွမ်ဆက်သက်ဆူထင်ကထုတ်ပြန်ချက်အတွင်းရှုတ်ချလိုက်ပြီးတိုက်ခိုက်မှုများမှာလူမဆန်ဘဲ လူ့ဂုဏ်သိက္ခာနှင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်မှုအဖြစ်ကင်ပွန်းတပ်ထားသည်။
“အစိုးရအနေနဲ့ ရန်စမှုတွေကို တုံ့ပြန်ဖို့နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”ဟုဆွမ်ဆက်က ထိုင်းပြည်သူများအား အကာအကွယ်ပေးရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်၊
ထို့အတူ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ၎င်း၏နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရေး ကတိကဝတ်ကိုထိုင်းစစ်တပ် ထပ်လောင်းအတည်ပြုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သဖြင့် လိုအပ်သည့် စစ်ရေးအစီအမံအားလုံးကို လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားသည်။
“ကမ္ဘောဒီးယားတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထိုင်းဘုရင့်တပ်မတော်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ထိုင်းနိုင်ငံဟာမိမိရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန် အဆင်သင့်ရှိနေပြီး အခုလိုလူမဆန်တဲ့ လုပ်ရပ်များမှ ကာကွယ်ဖို့အသင့်ရှိနေပါတယ်။" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း-လင်းခေတ်
ကိုးကား- Bangkok Post
#နိုင်ငံတကာသတင်း

image