ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ထိုင်းစစ်တပ်က F-16 တိုက်လေယဉ်များနဲ့ တိုက်ခိုက်
*********************
(နိုင်ငံတကာ) ဇူလိုင် ၂၄
ထိုင်းစစ်တပ်က F-16 တိုက်လေယဉ်များနဲ့ ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ဒီကနေ့(ဇူလိုင် ၂၄ ရက်) ထိုင်းစံတော်ချိန် နေ့လည် ၁၁ နာရီခွဲတွင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်း မီဒီယာဌာနများက ဖော်ပြထားပါတယ်။ဒီကနေ့မနက်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တွင် နှစ်နိုင်ငံတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ပြီး၊ ထိုင်းအခြေစိုက် Khaosod သတင်းဌာနရဲ့ဖော်ပြချက်မှာ ကမ္ဘောဒီးယားတပ်ဖွဲ့များက မူပါစခန်းနဲ့ ဘုရားကျောင်းရဲ့အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့တာကြောင့် ထိုင်းစစ်သားများက ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ၎င်းတို့ရဲ့တပ်ဖွဲ့များက ပြန်လည်တုံပြန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က(ဇူလိုင် ၂၃ ရက်)လည် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် ဥဘွန်ရတ်ချ်ဌာနီ ပြည်နယ်၊ ဟွေဘွန်း အငြင်းပွားနယ်မြေတွင် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ရာ ထိုင်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ပီချစ်ချိုင်း ဘွန်းခိုရတ် ညာဘက်ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းပေါက်ပြီးနောက် ထိုင်းအစိုးရက နယ်စပ်ရှိနယ်စပ်ဂိတ်အားလုံးကို ချက်ချင်းပိတ်ရန် အမိန့်ချမှတ်ခဲ့ပြီး ယင်းဖြတ်ကျော်ဝင်ရောက်တဲ့ နေရာများကို ခရီးသွားများ ဝင်ရောက်ခွင့်ကိုလည်း လုံးဝရပ်ဆိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
