◼ မြဝတီ၌သောင်းရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ထား
ကရင်ပြည်နယ်၊ မြဝတီမြို့၌ သောင်းရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ထားရကြောင်း မြို့ဝတီမြို့ရှိဒေသခံများထံမှသိရသည်။
ယမန်နေ့(ဇူလိုင် ၂၃ ရက်) ညပိုင်းမှစတင်ကာ သောင်းရင်းမြစ်ရေအတက်ကြမ်းနေပြီး အနိမ့်ပိုင်းရပ်ကွက်မှဒေသခံများအားလုံးယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။
"အခုလက်ရှိမိုးမရွားတော့ဘူး။ ဒါပေမဲ့သောင်းရင်းမြစ်ကတော့အတက်ကြမ်းနေတယ်။ အနိမ့်ပိုင်းက ဒေသခံတွေအားလုံးကိုရွှေ့ပြောင်းပေးပြီးပြီ။ အမြင့်ပိုင်းကသူတွေကိုစောင့်ကြည့်နေတယ်။ မြစ်ရေက ဒီအတိုင်းဆက်ပြီးအတက်ကြမ်းနေတယ်ဆိုရင် သူတို့လည်းဒီညနေပိုင်းလောက် ကယ်ဆယ်ရေးစခန်းကိုပြောင်းရတော့မှာပါ" ဟု၎င်းကပြောသည်။
မြဝတီမြို့သောင်းရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် အနိမ့်ပိုင်ရပ်ကွက်များဖြစ်သည့် ၁၊ ၂ ၊ ၃၊ ၄၊ ၅ စသည့်ရပ်ကွက်များတွင် ရေများဝင်ရောက်နေကြောင်း၊ လက်ရှိတွင်ရွှေ့ပြောင်းနေသူများ၏ အိမ်ထောင်စုနှင့်လူဦးရေစာရင်းများကို ကောက်ယူလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ- ဘီဝမ်း
