"ပြဒါးကနေရွှေထုတ်နိုင်မယ်ဆိုတဲ့ Marathon fusion "
အမေရိကန်အခြေစိုက် Marathon Fusion ဆိုတဲ့ တည်ထောင်ခါစ နည်းပညာကုမ္ပဏီတစ်ခုက Nuclear fusion ကို အသုံးပြုပြီး ပြဒါး (mercury) ကနေ ရွှေအမြောက်အမြား ထုတ်လုပ်နိုင်မယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
Nuclear Transmutation ဆိုတာ ဒြပ်စင်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲတာကို ဆိုလိုပါတယ်။ ဒါဟာ သီအိုရီသီးသန့်ဆိုရင်တော့ ဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။
အမှန်တကယ်တော့ ၁၉၄၁ ခုနှစ်လောက်ကတည်းက ပြဒါးကနေ ရွှေကို အနည်းငယ် ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရတဲ့ရွှေက fission နည်းနဲ့ ပြုလုပ်တာကြောင့် ဓာတ်ရောင်ခြည်သင့်နေပြီးကုန်ကျစရိတ်အရမ်းများတာကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်ခဲ့ပါဘူး။အခုရွှေ 1 gram တန်ဖိုးဈေးရဲ့ အဆ တစ်သန်းလောက်ကုန်ကျပြီးမှအလားတူရွှေ ပြန်ရတာမျိုးပါ။
ရွှေ/ငွေ/ ယူရေနီယံ / အစရှိတဲ့ Heavy metal သတ္တုများဟာ တကယ်တော့ စကြာဝဠာထဲက Neutron star နှစ်လုံးတိုက်မိတာကနေ ပေါ်ပေါက်လာတဲ့ သဘာဝပစ္စည်းတွေပါ။ ပြဒါးဆီက proton တစ်လုံးကို ထုတ်နိုင်ရင် အဲ့ ပြဒါးဟာ ရွှေ isotopes အဖြစ်ကိုပြောင်းလဲသွားမှာ ဖြစ်ပေမယ့် ဒီလိုလုပ်နိုင်ဖို့ စွမ်းအင်ပမာဏ အများကြီးလိုပါတယ်။
ဒါပေမယ့် ဒီသီအိုရီကို အသုံးပြုပြီး ရွှေအမြောက်အမြားကို လက်တွေ့ထုတ်လုပ်နိုင်မယ်ဆိုတာကတော့ဖြစ်လာနိုင်ဖို့ အကြောင်းအချက်အလက်များစွာလိုပါတယ်။
Marathon Fusion ကတော့ သူတို့ရဲ့ စနစ်ဟာ တည်ငြိမ်တဲ့ ရွှေဒြပ်စင် ( Au)ကို ပေါများတဲ့ ပြဒါး( Hg) isotope ကနေ ထုတ်လုပ်နိုင်မယ်လို့ တင်ပြထားပါတယ်။
ဒီနည်းလမ်းမှာ deuterium-tritium (D-T) fusion ကနေ ထွက်လာတဲ့ စွမ်းအင်မြင့် နျူထရွန် (14 MeV) တွေကို အသုံးပြုပြီး ပြဒါးထဲမှာ (n, 2n) ဓာတ်ပေါင်းမှု တွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
ဒီလို နျူထရွန်တွေ များများထုတ်နိုင်မယ့် စနစ်ကို Fusion ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ပြီး သူရဲ့ အတွင်းပိုင်း အလွှာတစ်ခုမှာ ထည့်သွင်းမယ်လို့ ဆိုထားပါတယ်။
လောလောဆယ်မှာ Fusion ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်တဲ့ ကုန်ကျစရိတ်ဟာ $ ဘီလီယံများစွာကုန်ကျတဲ့အပြင် ၁၀၀% energy efficient ဖြစ်နေတဲ့ fusion reactor ကို ကမ္ဘာပေါ်မှာ ဘယ်သူမှ မတည်ဆောက်နိုင်သေးပါဘူး။ပိုမဖြစ်နိုင်တာက သူက fusion reactor ထဲမှာမှ နောက်ထပ် အလွှာတစ်ခုထပ်ထည့်မယ်ဆိုတာကတော့ ဒီဇိုင်းပိုင်းအရကို တော်တော်ခက်ခဲပါလိမ့်မယ်။
Neutron star နေအတု တစ်လုံးကို ကမ္ဘာပေါ်မှာ ဖန်တီးမယ်လို့ပြောတာနဲ့ အတူတူပါပဲ။
(ကျွန်တော်ရေးဖူးတဲ့ Nuclear fusion အကြောင်းဖတ်ဖူးရင် သိကြမှာပါ)
Marathon Fusion က သူတို့ရဲ့ နည်းလမ်းဟာ စကေးအကြီးကြီး ထုတ်လုပ်နိုင်ပြီး စီးပွားရေးအရလည်း တွက်ခြေကိုက်မယ် လို့ ပြောကြားထားပါတယ်။ သူတို့ရဲ့ တွက်ချက်မှုတွေအရ ဖျူရှင်းဓာတ်အားပေးစက်ရုံတစ်ခုကနေ တစ်နှစ်ကို ရွှေ ၂ တန်ခန့် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် သူတို့ပြောနေတဲ့ ဒီနည်းလမ်းတွေဟာ ကွန်ပျူတာ simulations တွေအပေါ် အခြေခံထားတာဖြစ်ပြီး သိပ္ပံပညာရှင်အချင်းချင်း ပြန်လည်စစ်ဆေးမှု (peer review) ကိုတော့ မအောင်မြင်သေးပါဘူး။
ဒီပညာရပ်ကို ကျွမ်းကျင်သူတွေရဲ့ အစောပိုင်း လေ့လာချက်တွေက ကောင်းမွန်ခဲ့ပေမဲ့ ဒီအိုင်ဒီယာကို လက်တွေ့မှာလည်း သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။
ထုတ်လုပ်မိတဲ့ ရွှေအချို့ဟာ အနည်းငယ် ဓာတ်ရောင်ခြည်သင့်နိုင် တာကြောင့် လက်ဝတ်ရတနာအတွက် အန္တရာယ်ကင်းဖို့ဆိုရင် ၁၈ နှစ်အထိ သိမ်းဆည်းထားဖို့ လိုအပ်နိုင်တယ်။
တဆက်တည်း ပြောလိုတာကတော့ ပြဒါးကနေ ရွှေထုတ်နိုင်တာ သီအိုရီအရ ဖြစ်နိုင်တယ်လို့ ပြောလိုက်တာကြောင့် အဂ္ဂိရိတ်ဝါသနာရှင်တွေ ဂုဏ်ယူပြီး ပြောဆိုတာတွေ ရှိလာနိုင်ပါတယ်။
ဒါပေမဲ့ မြန်မာ့ရိုးရာ အဂ္ဂရိတ်ပညာ ဟာလည်း ပြဒါးကနေ ရွှေထုတ်လုပ်တာ ကို ရည်ရွယ်တဲ့ ပညာရပ်တစ်ခု ဖြစ်ပေမဲ့ သိပ္ပံနည်းကျရှုထောင့်ကနေ ကြည့်ရင် ဓာတုဗေဒနည်းလမ်းတွေနဲ့ ဒြပ်စင်တစ်ခုကို နောက်တစ်ခုအဖြစ် ပြောင်းလဲလို့မရနိုင်ကြောင်း ကြိုတင်ပြောကြားလိုပါတယ်။
ပြဒါးကနေရွှေပြောင်းဖို့ဟာ အပူချိန်သန်းချီမယ့် ဖိအားနဲ့ စွမ်းအင်တွေလိုအပ်ပါတယ်။ဒါကို မိရိုးဖလာနည်းလမ်းတွေ ကိရိယာတွေနဲ့လည်း ပြန်လည်ဖန်တီးလို့မရပါဘူး။
ဒြပ်စင်တစ်ခုကို နောက်တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုရင် နျူကလီးယား ဓာတ်ပြုခြင်း (Nuclear Reactions) လိုအပ်ပါတယ်။ နျူကလီးယား ဓာတ်ပြုခြင်းဆိုတာ အက်တမ်ရဲ့ နျူကလီးယပ်ထဲက ပရိုတွန် သို့မဟုတ် နျူထရွန် (neutron) အရေအတွက်ကို ပြောင်းလဲပစ်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အလွန်ကြီးမားတဲ့ စွမ်းအင်တွေ (ဥပမာ- fusion ဓာတ်ပေါင်းဖိုတွေမှာလို) လိုအပ်ပါတယ်။
ဒါကြောင့် မြန်မာ့အဂ္ဂိရိတ်ပညာမှာ အသုံးပြုတဲ့ ဓာတုနည်းလမ်းတွေဟာ သိပ္ပံနည်းကျအားဖြင့် ပြဒါးကနေ ရွှေကို ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး လို့ ပြောနိုင်ပါတယ်။
Nuclear Fusion စွမ်းအင်သုံးပြီး ရွှေထုတ်လုပ်မယ်ဆိုတဲ့ Marathon Fusion ရဲ့ နည်းလမ်းကတော့ ဓာတုနည်းမဟုတ်ဘဲ နျူကလီးယား နည်းလမ်းကို အခြေခံထားတာမို့ သီအိုရီအရတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရတာပါ။
သီအိုရီအရမှန်ကန်တယ်သာ ဆိုပေမယ့် ဒါကို လက်တွေ့လုပ်နိုင်ဖို့ကလည်း ကုန်ကျစရိတ်က မိုးလောက်ကြီးနေမှာမို့ လောလောဆယ် မဖြစ်နိုင်သေးတဲ့ အိပ်မက်တစ်ခုလို့ပဲ ဆိုပရစေ။

image