#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်သမ္မတနှင့် မကြာမီကာလအတွင်း တွေ့ ဆုံနိုင်ဖွယ်ရှိကြောင်း ထရန့်ပြောကြား
တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးနှင့်ပထဝီနိုင်ငံရေးတင်းမာမှုများ ရှိနေချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်သည်။
သမ္မတရှီကျင်ပင်းအနေဖြင့် မိမိကို တရုတ်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားရာ မိမိအနေဖြင့်လည်း များမကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းအပြင် မိမိနှင့်တရုတ်သမ္မတရှီကျင်ပင်းတို့အကြား ပုဂ္ဂိုလ်ရေးဆက်ဆံမှုမှာ အားကောင်းခိုင်မာနေဆဲဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြောထားသည်။
အကယ်၍ တရုတ်ခရီးစဉ်ဖြစ်မြောက်ခဲ့ပါက ယင်းခရီးစဉ်သည် သမ္မတဒေါ်နယ်ထရန့်အတွက် အမေရိကန်သမ္မတရာထူး ဒုတိယအကြိမ်ရယူပြီး နောက်ပိုင်းပထမဆုံး တရုတ်ခရီးစဉ်ဖြစ်လာလိမ့် မည်ဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏ တရုတ်ခရီးစဉ်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့သည် တောင်ကိုရီးယားနိုင်ငံ၌ ယခုနှစ်အတွင်းကျင်းပမည့် အေပက်ထိပ်သီးညီလာခံတွင်လည်း သီးခြားတွေ့ဆုံနိုင်ခြေရှိသည်။
ရိုက်တာ

image