#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်ဝန်ကြီးချုပ် အီရှီဘာ လာမည့် ဩဂုတ်လတွင် ရာထူးမှ နုတ်ထွက်ဖွယ်ရှိ
အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အရေးနိမ့်ခဲ့ရပြီးနောက် လာမည့်ဩဂုတ်လကုန်ပိုင်းတွင် ရာထူးမှနုတ်ထွက်ရန် ဂျပန်ဝန်ကြီးချုပ် အီရှီဘာကစီစဉ်ထားကြောင်း ဂျပန်ပြည်တွင်းမီဒီယာများက ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဂျပန်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုနှုန်းလျှော့ချပေးရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့အကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ရန် စီစဉ်ထားသည်ဟူသော သတင်းများပေါ်ထွက်လာခြင်းဖြစ်သည်။
အကယ်၍ဝန်ကြီးချုပ်ရာထူးမှ အီရှီဘာနုတ်ထွက်ခဲ့ပါက လက်ရှိအာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲကို စတင်ရတော့မည်ဖြစ်သည်။
ဇူလိုင် ၂ဝရက်တွင်ကျင်းပခဲ့သော ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲ၌ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ညွန့်ပေါင်းအုပ်စု မိတ်ဖက်ပါတီတို့သည်အထက်လွှတ်တော်ကို အမတ်နေရာအများစုဖြင့် ထိန်းချုပ်နိုင်စွမ်းလက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ရွေးကောက်ပွဲအရေးနိမ့်ခဲ့ရသော်လည်း အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရယူနိုင်ချိန်ထိတိုင် ဝန်ကြီးချုပ်ရာထူးဆက်လက်ရယူထားမည်ဖြစ်ကြောင်း အီရှီဘာကကြေညာထားသည်။
အီရှီဘာသည် ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ဂျပန်ဝန်ကြီးချုပ်တာဝန်ကို စတင်ရယူခဲ့ခြင်းဖြစ်သည်။
ရိုက်တာ
