လူတစ်ယောက်ဟာ ရထားစီးပြီး
တစ်ကိုယ်တည်း ခြေဦးတည့်ရာ သွားနေတယ်။ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို ခုတ်မောင်းနေတဲ့ မီးရထားတွဲပေါ်မှာ ... ။
သူ ဘယ်ကို သွားချင်မှန်း သူ မသိ။
ဘာကြောင့်သွားနေမှန်း မသိ ။ ယုတ်စွအဆုံး
သူ့ကိုယ်သူတောင် ဘယ်သူမှန်း မသိ။
ဒီလိုနဲ့ လေးမျက်နှာ ဆိုတဲ့
မြို့လေးတစ်မြို့ကို ရောက်သွားတယ်။
လေးမျက်နှာ မှာ သူက ဘယ်သူ့ကိုမှ မသိဘူး၊
သူ့ကိုလည်း ဘယ်သူကမှ မသိဘူး ။
မသိခြင်း ဝင်္ကဘာထဲမှာ ပတ်ချာလည်နေတဲ့သူက ထူးဆန်းတာတွေလည်းပြောတတ်တယ်။
ဒီလိုနဲ့ပဲ မြို့ကလူတွေက သူ့ကို
ယဉ်ယဉ်လေးရူးနေတယ်ရယ်လို့ သတ်မှတ်ပြီး
ဖြစ်ရပ်တစ်ခုကို အကြောင်းပြုကာ
' ကိုသာဓု ' လို့ အမည်သညာ
မှည့်ခေါ်လိုက်ကြတယ်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အလုပ်ကို ကြိုးစား
သင်ယူချင်စိတ်အပြည့်ရှိတဲ့ ကိုသာဓုကို
မသင်းနုရဲ့ ဘကြီးက သူ့ဆီမှာ ခေါ်ထားတယ်။
မသင်းနုဆိုတာ ရန်ကုန်ကို
တက္ကသိုလ်ကျောင်းသွားတက်ရာက
အရေးအခင်းတွေဖြစ်ပြီး ကျောင်းပိတ်ထားလို့
ပြန်ရောက်နေတဲ့ စိတ်ပညာ ပထမနှစ်ကျောင်းသူ ။
ကိုသာဓုဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး
ပညာတတ်ပုံစံပေါက်နေတယ်။
သီချင်းလည်းဆိုတတ်ပြီး အနုပညာကိုလည်း
မြတ်နိုးတတ်တဲ့သူ။ သူက ဘယ်သူလဲ။
ဘာလို့ ဒီမြို့ကိုရောက်လာသလဲဆိုတာကို
မသင်းနုကလည်း အကဲခတ်ပြီး
အရေးတယူ စိတ်ဝင်စားနေခဲ့တယ်။
သုညဘဝကနေ အဆင်ပြေ အထိုင်ကျလာတဲ့
ကိုသာဓုတစ်ယောက် တစ်ရက်မှာတော့
အဝေးဆီ ထပ်လို့ပြေးရပြန်ဦးမယ့်အခြေအနေနဲ့
ကြုံရပြန်ပါတယ်။
" ကိုသာဓု" ဆိုတာက ဘယ်သူများလဲ။
အနုပညာရှင်တစ်ယောက်လား။
စာပေပညာရှင်များလား။
မကောင်းမှုကျူးလွန်ပြီး ရောက်လာတဲ့သူလား။
အတိတ်မေ့ ဟန်ဆောင်နေတာလား။
တကယ်ပဲ ဘယ်လိုကိစ္စမျိုးကြောင့်
လေးမျက်နှာမြို့လေးကို ရောက်လာတာလဲ။
ဘယ်လို ရည်ရွယ်ချက်ကြောင့်လဲ။
သူ ပြေးရမယ့်အကြောင်းကရော ဘာကြောင့်ပါလဲ။
ပြေးလို့ကော လွတ်နိုင်ပါ့မလား။
စိတ်ပညာ ၊ ဂီတအနုပညာနဲ့ လူ့ကျင့်ဝတ်၊
လူ့စရိုက်တွေကို အဲဒီခေတ် နိုင်ငံရေးနောက်ခံ
ပါးပါးထည့်လို့ ကျစ်ကျစ်လစ်လစ်
ဖွဲ့စည်းထားတဲ့ ဝတ္ထုကောင်း တစ်ပုဒ်။
▪️စာညွှန်း - ကံ့ကော်ဝတ်ရည် / မှ
× × ×
• တက္ကသိုလ်ဘုန်းနိုင်
• သာ၍ဝေးရာဆီကိုပါ
