1 w - Translate

အက်စ်ကိုဘာနာမည်သုံး ဒေါ်လာ ၄၀၀ တန် Foldable ဂျင်းဖုန်းအရှုပ်တော်ပုံ
စမတ်ဖုန်းသတင်းတွေ ဖတ်ဖြစ်ရင် Escobar Phone အကြောင်း ကြားဖူးကြမှာပါ။
နာမည်ကျော် မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာရဲ့ နာမည်နဲ့ ထုတ်ထားပြီး အက်စ်ကိုဘာမပိုင်တဲ့ ကုမ္ပဏီရဲ့ product တစ်ခုပါ။ ၁၉၉၃ မှာ ကိုလံဘီယာအထူးတပ်ဖွဲ့ Search Block လက်ချက်နဲ့ အက်စ်ကိုဘာ အသတ်ခံရပြီးနောက် သူ့ညီ ရောဘတ်တို ဒီ ဂျီးဆပ် အက်စ်ကိုဘာ ဂါဗီရီယာက Escobar Inc ဆိုပြီး ထောင်ပါတယ်။
Escobar Inc ကို ဂါဗီရီယာ ထောင်တာ ဆိုပေမယ့် တကယ်တမ်း ကုမ္ပဏီကို ခြယ်လှယ်တာက အိုလော့ဖ် ဂူစတက်ဆန်ဆိုတဲ့ CEO ပါ။ အက်စ်ကိုဘာနာမည်နဲ့ product အမျိုးမျိုး ထုတ်ပြီး လိမ်လည်မှုကိုလည်း ဂူစတက်ဆန်ပဲ ဦးဆောင်တယ်လို့ ပြောရမှာပါ။
၂၀၁၉ မှာ ဂူစတက်ဆန်က Escobar Fold 2 နာမည်နဲ့ ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းတစ်မျိုး ဈေးကွက်တင်ပါတယ်။ နောက်ဆုံးပေါ် features တွေနဲ့ တကယ့်အလန်းစား Foldable ဖုန်းပါ။ အံ့ဩဖို့ ကောင်းတာက flagship Foldable ဖုန်းတစ်လုံးကို ၃၉၉ ဒေါ်လာနဲ့ ဝယ်နိုင်မယ်လို့ ကြေညာခဲ့တာပါ။
ဂူစတက်ဆန်ရဲ့ Escobar Fold 1 နဲ့ Fold 2 ခေါက်ဖုန်းတွေက နာမည်ကျော် YouTuber မားကွက်ဇ် ဘရောင်လီ (MKBHD) နဲ့ Linus Tech Tips တို့လို reviewer တွေဆီ ရောက်ပြီး review တွေ ထွက်ခဲ့ပါတယ်။ Samsung Galaxy Fold ဒီဇိုင်းနဲ့ ဆင်လို့ သံသယဖြစ်ခဲ့ပေမယ့် ဖုန်းတွေက တော်တော်ကောင်းလို့ သို့လောသို့လောတွေ ဖြစ်ခဲ့ပါတယ်။
တကယ်လည်း Escobar Fold တွေက Samsung Galaxy Fold ဖုန်းတွေကို ပြန်ဝယ် ၊ Escobar တံဆိပ်ကပ် ရွှေရောင်ကာဗာပြောင်းပြီး ဈေးလျှော့ရောင်းတာပါ။ Galaxy Fold တွေတင် Escobar Fold လုပ်ရောင်းတာ မဟုတ်ဘဲ Boring ကုမ္ပဏီရဲ့ flamethrower မီးပန်းကို Escobar Flamethrower ၊ iPhone 11 Pro ကို ပြန်တံဆိပ်ပြောင်းကပ်ထားတဲ့ Escobar Gold 11 Pro Phone ကနေ Escobar Cash လို crypto အထိ ထုတ်ပါတယ်။
Ecobar Inc က ဒီ products တွေ ဈေးကွက်ထဲ ပေါက်အောင် မတန်မဆဈေးချပြီး influencers ပေါင်းစုံနဲ့ မားကတ်တင်းလုပ်ပါတယ်။ တကယ်တမ်း Escobar Inc ကို ယုံပြီး ပစ္စည်းမှာမိသူတွေကိုတော့ ပစ္စည်းမပို့ဘဲ ပိုင်ဆိုင်ကြောင်းလက်မှတ်"Certificate of Ownership" တစ်ခုခု ၊ ဒါမှမဟုတ် စာအုပ်တစ်အုပ် ၊ Escobar ပရိုမိုးရှင်းပစ္စည်းတစ်ခုခုပဲ ပို့ပြီး လိမ်ခဲ့ပါတယ်။
တချို့ဆို ဗူးခွံပဲ ရတာတွေ ရှိပါတယ်။ ပစ္စည်းမရောက်လို့ ဝယ်သူက refund ငွေပြန်အမ်းဖို့ ပြောတဲ့အခါ Escobar Inc ရဲ့ CEO ဂူစတက်ဆန်က ပစ္စည်းပို့ခဲ့တဲ့ မှတ်တမ်းပြပြီး ဝယ်သူဘက်က ပစ္စည်းလက်ခံပြီးသားလို့ ငြင်းပါတယ်။ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဇွန် ၆ လအတွင်း ဒီလိုနဲ့ ဂူစတက်ဆန် လိမ်ခဲ့တာ ဒေါ်လာ ၃၀၇၀၀၀ ကျော် ပါတယ်။
Escobar လိမ်လည်မှုအရှုပ်တော်ပုံရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆွီဒင်သား CEO ဂူစတက်ဆန်ကို အမေရိကန်တရားရုံးက လိမ်လည်မှု ၊ ငွေကြေးခဝါချမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။အမှုအရ ဂူစတက်ဆန်ဟာ လိမ်လည်မှုအတွက် ထောင်အနှစ် ၂၀ ၊ ငွေကြေးခဝါချမှုအတွက် ထောင် ၁၀ နှစ်နဲ့အတူ နစ်နာကြေး ဒေါ်လာ ၁.၃ သန်းအထိ ပေးရဖို့ ရှိပါတယ်။
ပြစ်မှုအတွက် တရားဝင်ပြစ်ဒဏ်ချတာကိုတော့ လာမယ့်ဒီဇင်ဘာ ၅ ရက်နေ့မှာ ချမှတ်သွားဖို့ ရှိပါတယ်။ ဂူစတက်ဆန်ကောင်းမှုနဲ့ အက်စကိုဘာနာမည်အရိပ်မည်းက ဆက်ပြီးအသက်ဝင်နေဆဲလို့ ဆိုရမှာပါ။

image