တရုတ်နိုင်ငံရဲ့ နည်းပညာအသစ်၊ စက်ရုပ်တွေက မြေအောက်ရထားစီးပြီး 7-Eleven အတွက် ပစ္စည်းပို့
တရုတ်နိုင်ငံရဲ့ နည်းပညာမြို့တော်လို့တင်စားရတဲ့ ရှန်ကျန်း (Shenzhen) မှာ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ်၊ ကုန်ပစ္စည်းပို့ဆောင်ရေးစက်ရုပ်တွေက မြေအောက်ရထားတွေကိုစီးပြီး 7-Eleven ဆိုင်တွေအတွက် ပစ္စည်းတွေပြန်လည်ဖြည့်တင်းပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
တစ်မီတာအမြင့်ရှိတဲ့ ပင်ဂွင်းပုံစံ စက်ရုပ်အစီး ၄၀ ကျော်ဟာ လူစည်ကားချိန်မဟုတ်တဲ့အချိန်တွေမှာ မြေအောက်ရထားတွေကိုစီးပြီး ခရီးသွားလာကြတာဖြစ်ပြီး၊ ဓာတ်လှေကားစီးခြင်း၊ ရထားပေါ်တက်ခြင်း၊ ဆင်းခြင်းနဲ့ ပစ္စည်းပို့ဆောင်ခြင်းတို့ကို လူရဲ့အကူအညီမပါဘဲ အလိုအလျောက်လုပ်ဆောင် နိုင်ပါတယ်။
ဒီချစ်စရာကောင်းတဲ့ LED မျက်နှာပြင်ပါ စက်ရုပ်တွေဟာ မြေအောက်ဘူတာရုံတွေမှာရှိတဲ့ လက်လီဆိုင်တွေရဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့ပြီး၊ ဝန်ထမ်းတွေ ပင်ပင်ပန်းပန်းသယ်ယူရမယ့်အစား အခုအခါမှာတော့ အလွန်လွယ်ကူအဆင်ပြေသွားပြီဖြစ်ကြောင်း 7-Eleven မန်နေဂျာတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ရှန်ကျန်းမြို့ရဲ့ စက်ရုပ်နည်းပညာကို စက်ရုံတွေကနေ မြို့ပြလူနေမှုဘဝထဲအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာဖို့ ကြိုးပမ်းမှုရဲ့ နောက်ဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။
